ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စုရှိ ကျေးရွာချင်းဆက် ကင်းကုန်းတံတားကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများက ဒီဇင်ဘာလ ၇ ရက် နေ့လယ်ပိုင်းတွင် ဖျက်ဆီးခဲ့ကြောင်း ရွာသားများနှင့် မြေပြင်ရှိ တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ဖျက်ဆီးခံရသည့်တံတားသည် ၁၅၅ ပေ အရှည်ရှိ သံဘောင်ဘေလီသစ်သားခင်းတံတားဖြစ်ကြောင်း ဒေသခံများထံမှ သိရ သည်။ ၂၀၁၈ခုနှစ် ဇူလိုင်လက မိုးရေတိုက်စား၍ ကွန်ကရစ်တံတားပြိုသဖြင့် သံဘောင်ဘေလီသစ်ခင်း တံတားအဖြစ် အစားထိုးပြုလုပ်ထားသည့် တံတားဖြစ်သည်။
“အခင်းသစ်တွေခွာပြီး မီးပုံရှို့တယ်။ ကျန်တဲ့ ဖောင်ဒေးရှင်း (သံဘောင်) တွေက ဖောက်ခွဲပစ်လိုက်တယ်” ဟု စစ်ဘေးရှောင် နေရသည့် ဒေသခံရွာသားတစ်ဦးက ပြောသည်။
ပြည်ထောင်စုလမ်းမပေါ်က မောင်မယ်ရှောင်ရွာနှင့် ရေဝိုင်းရွာကြားရှိ ရွာသူရွာသားများ သွားလာရေးအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး ယခုနှစ် နွေရာသီတွင် ရွာသူရွာသားများ စုပေါင်း၍ တံတားသစ်သားအခင်းများ ပြုပြင်ထားခဲ့သေး ကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ရွာတွင် ဒီဇင်ဘာလ ၃ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် သာဂရစစ်ကြောင်းမှ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအခြေအနေကို Dawei Watch က သီးခြားအတည်မပြုနိုင်သေးပေ။
ယင်းနောက် စစ်ကောင်စီတပ်သည် ရေဝိုင်းရွာဘက်သို့ ဦးတည် စစ်ကြောင်းထိုးနေပြီး မောင်မယ်ရှောင်ကျေးရွာအုပ်စုရှိ ရဲအိုင်၊ ပဒိုင်းချောင်း၊ ကင်းကုန်း၊ ပခပ်အင်း၊ ခေါင်တိုင်ပြင်၊ ပကာရီနှင့် ဟာမြင်းကြီးအုပ်စုရှိ ရေဝိုင်းနှင့် မြင်းမတ်တပ် စသည့် ရွာများမှ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ကြောင်း နှစ်ကြောင်းဝင်တော့ ၂၀၀ ဝန်းကျင် ဝင်လာတယ်။ ညနေ (ဒီဇင်ဘာလ ၇) ဘက် ကားတွေဝင်လာပြီး ထပ်ဖြည့် ထားတော့ ၂၅၀ ဝန်းကျင်လောက်တော့ ရှိမယ်။ စစ်ကြောင်းက ကင်းကုန်းရွာမှာ တံတားတော့ မကျော်လာတော့ဘူး။ အင်အားတော့ဖြည့်ထားတယ်” ဟု မြေပြင်တွင်ရှိနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်များတွင် နှစ်ဖက်ထိတွေ့မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းအသုံးပြုတိုက်ခိုက်မှုလည်းရှိကြောင်း ၎င်းက ဆိုသည်။
လက်ရှိအခြေအနေတွင် စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး အချိန်မရွေးထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်သည့် အခြေအနေရှိကြောင်းလည်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ကျေးရွာအုပ်စုတွင် ယခုနှစ်ဆန်းပိုင်းကစ၍ ဝင်ရောက်တပ်စွဲ နေထိုင်နေပြီး ယင်းနောက် သြဂုတ်လတွင် ရွာအရှေ့ပိုင်းရှိ တံတားတစ်စင်း၊ စက်တင်ဘာလတွင် ကုန်းဇာပြင် (သဘန်းချောင်း) မီးရထားသံလမ်းတံတားတစ်စင်း ဖျက်ဆီးခံခဲ့ရသေးသည်။ ယခု ဒီဇင်ဘာလအထိ မောင်မယ်ရှောင်အုပ်စုတွင် ဖျက်ဆီးခံထားရသည့် တံတားစုစုပေါင်း သုံး စင်းရှိလာပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။