BREAKING
January 10, 2025

ဂျာမနီ၏ မီးပွိုင့်ညွန့်ပေါင်းအစိုးရ ပြိုကွဲ

November 8, 2024

အားနည်းနေသည့် နိုင်ငံ့စီးပွားရေး ပြန်လည်ထူမတ်ရေး မူဝါဒချည်းကပ်ပုံ အငြင်းပွားမှုများကြောင့် ဂျာမနီ၏ အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။

သက်တမ်းရှည် အဓိပဓိ အန်ဂျလာမာကဲလ် အနားယူပြီးနောက် တက်လာသည့် ဆိုရှယ်ဒီမိုကရက်ပါတီဦးဆောင်သော လက်ရှိညွန့်ပေါင်းအစိုးရသည် အနီ၊ အဝါ၊ အစိမ်း အရောင်သုံးရောင်နှင့် ပါတီသုံးခုကို စုစည်းထားခြင်းကြောင့် ‘မီးပွိုင့်’ညွန့်ပေါင်းအစိုးရဟု နာမည်ကျော်သည်။

အစိုးရဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်၍ လပေါင်းများစွာ သဘောထားကွဲလွဲတင်းမာနေခဲ့ရာမှ ယခုအပတ် ဗုဒ္ဓဟူးနေ့တွင် ဂျာမန်အဓိပတိ Olaf Scholz က ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ LInder ကို အစိုးရအဖွဲ့အတွင်းမှ ထုတ်ပယ်လိုက်သည်။

ယင်းနောက် ဘဏ္ဍာရေးဝန်ကြီး Linder ၏ လွတ်လပ်သော ဒီမိုကရက်ပါတီ (FDP) ကပါ ညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။ ယင်းကြောင့် ဂျာမန်အဓိပတိ Olaf Scholz ၏ ညွန့်ပေါင်းအစိုးရအဖွဲ့သည် လူနည်းစုအစိုးရတစ်ရပ်အဖြစ်သာ ကျန်ရှိတော့သည်။ ဆိုရှယ်ဒီမိုကရက်တစ် ပါတီ (SPD) နှင့် သဘာဝပတ်ဝန်းကျင်အရေးဦးစားပေးသည့် အစိမ်းရောင်ပါတီ (Green Party) မျှသာ ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ကျန်ရှိတော့သည်။

၎င်း၏ နိုင်ငံ့စီးပွားရေးအစီအမံများကို ဘဏ္ဍာရေးဝန်ကြီးက ဟန့်တားမှုကြောင့် ယင်းသို့ ထုတ်ပယ်လိုက်ရခြင်း ဖြစ်ကြောင်း အဓိပတိ Scholz က သတင်းထောက်တွေကို ပြောသည်။

“ကျွန်တော်တို့ရဲ့ အဆိုပြုချက်တစ်ခု တလေကိုမှ အကောင်အထည်ဖော်ဖို့ ဝန်ကြီး Linder က စိတ်ဝင်စားမှုမပြခဲ့ဘူး။ ဒါကြောင့် အနာဂတ်မှာ လက်တွဲလုပ်ဆောင်သွားစရာ အကြောင်းရင်း မရှိတော့ဘူး”

အစိုးရအနေနဲ့ အလွန်အကျွံကြွေးမြီရယူမှုမပြုနိုင်အောင် ကန့်သတ်ထားသည့် အခြေခံဥပဒေပါ ပုဒ်မကို ဆိုင်းငံ့ပေးရန် အဓိပတိ Sholz က ၎င်းအား စေခိုင်းခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး LInder က စွပ်စွဲခဲ့သည်။ နိုင်ငံ့စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အဓိပတိ Scholz ၏ တွန်းအားများသည် အစိုးရ၏ ကြွေးမြီယူမှုနှင့် ပတ်သက်၍ ပိုသတိထားသည့် ဘဏ္ဍာရေးဝန်ကြီး Linder နှင့် ထိပ်တိုက်တွေ့ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Scholz က အားပျော့သော အစိုးရကို ဦးဆောင်မည်ဖြစ်သော်လည်း ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လက်ရှိအစိုးရအပေါ် ယုံကြည်မှုရှိမရှိ မဲခွဲအဆို တင်သွင်းမည်ဖြစ်သည်။ ၎င်း အရေးနိမ့်ခဲ့ပါက ကြားဖြတ်ရွေးကောက်ပွဲကို မူလ စီစဉ်ထားသည့်အချိန်ထက် ၆ လ ပိုစောကာ ၂၀၂၅ မတ်လကုန်တွင် ကျင်းပပေးမည် ဖြစ်သည်။

ယင်းမတိုင်မီ အထိ အစိုးရက တင်သွင်းလိုသော ဥပဒေကြမ်းများကို လွှတ်တော်တွင် အတည်ပြုချက်ရရန် အခြေအနေအလိုက် မီးစင်ကြည့် ကရမည့် အခြေအနေရောက်သွားစေသည်။

ဂျာမနီနိုင်ငံသည် နိုင်ငံရေးတည်ငြိမ်မှုကို အလေးပေးထိန်းသိမ်းသည့် အစဉ်အလာရှိသော်လည်း မရေရာမှုပိုများလာသည့် ကမ္ဘာ့အခင်းအကျင်းတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ရင်ဆိုင်လာရသည်။ ဂျာမန်အဓိပတိအန်ဂျလာမာကဲလ်သည် နိုင်ငံကို ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အနားယူသွားခဲ့သည်။ သူမသည် ထရမ့်နှင့် ဆက်ဆံရေးမသင့်မြတ်ဟု နာမည်ကျော်သည်။

ဒေါ်နယ်ထရမ့်ကလည်း ဂျာမနီနိုင်ငံအပေါ် ခါးသီးသည့် မုန်းတီးမှုရှိသည်ဟု ဥရောပကောင်စီ၏ နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ သုတေသီများက ဆိုသည်။ အမေရိကန်သမ္မတအဖြစ် ဒုတိယသက်တမ်းကို ဒေါ်နယ်ထရမ့် ပြန်လည်ရရှိတော့မည်ဟု သတင်းထွက် ပေါ်လာပြီး နာရီပိုင်းအကြာတွင်ပင် ဂျာမနီ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းစတင်လာခြင်း ဖြစ်သည်။

နိုင်ငံရေးအယူအဆမတူညီသည့် ယင်းသုံးပါတီ၏ ညွန့်ပေါင်းအစိုးရအဖွဲ့သည် စဖွဲ့စည်းချိန်ကတည်းက စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရသည်။ ထုတ်ပယ်ခံလိုက်ရသည့် ဘဏ္ဍာရေးဝန်ကြီး Linder ၏ လွတ်လပ်သောဒီမိုကရက်ပါတီသည် လွတ်လပ်သော ဈေးကွက်ကို ဦးစားပေးဗန်းတင်လိုပြီး ဘဏ္ဍာရေးအရ ရှေးရိုးစွဲဆန်သည့် ချဉ်းကပ်မှု ရှိသည်။

အဓိပတိ Schoiz ၏ ဆိုရှယ်ဒီမိုကရက်ပါတီနှင့် အစိမ်းရောင်ပါတီက လက်ဝဲပိုယိမ်းပြီး လူမှုဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင်မူဝါဒရေးရာတွင် အစိုးရဘတ်ဂျက်ကို ပိုသုံးစွဲလိုသည်။

အဆိုပါ ညွန့်ပေါင်းအစိုးရသည် ဂျာမနီ၏ အားနည်းနေသည့် စီးပွားရေးကို ပြန်လည်ထူမတ်ရေးနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ရှိနေခဲ့သည်။ ကြီးထွားလာနေသည့် လက်ယာယိမ်း ဂျာမန်အမျိုးသားရေးအင်အားစုများ၏ ဖိအားကိုလည်း ရင်ဆိုင်နေခဲ့ရသည်။

အစိုးရ၏ ဘတ်ဂျက်လိုငွေမှာ ယူရိုဘီလီယံပေါင်းများစွာ ရှိနေသည့်အတွက် လာမည့်နှစ် အစိုးရဘတ်ဂျက်ကို မည်သို့ ခွဲဝေသုံးစွဲမည်ဆိုသည့် ပြဿနာကလည်း အစိုးရအဖွဲ့ကို ကြီးကြီးမားမား ခြိမ်းခြောက်လျက်ရှိသည်။ ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်းမှ လွတ်လပ်သော ဒီမိုကရက်ပါတီ နုတ်ထွက်သွားခြင်းက ယင်းပြဿနာကို ပိုရှုပ်ထွေးသွားစေသည်။

ဥရောပတွင် အကြီးဆုံးဖြစ်သည့် ဂျာမနီ၏ စီးပွားရေးသည် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ပြန့်ပွားလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်နှစ်တွင် စတင်ကျဆင်းလာခဲ့သည်။

Source – CNN