BREAKING
December 23, 2024

တနင်္သာရီက ကျေးရွာအချို့ကို စစ်ကောင်စီတပ် စစ်ကြောင်းဆက်ထိုး၊ ဒရုန်း ရက်ဆက်ပျံသန်း

November 8, 2024

ပုံစာ- တနင်္သာရီမြို့နယ် မော်တုံးရွာလမ်းဆုံအား တွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်သား အင်အားတစ်ရာကျော်ဖြင့် စစ်ကြောင်းဆက်ထိုးနေပြီး အရပ်သားအချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာလ ၃ ရက်တွင် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ ၃၀၆ အမြောက်တပ်ရင်းက အင်အား ၆၀ ခန့်ဖြင့် စထွက်လာပြီး အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကဒဲလိပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။

ထို့နောက် အခြားနေရာက စစ်ကောင်စီတပ်သားများ အင်အားထပ်ဖြည့်လာပြီး လက်ရှိတွင် စုစုပေါင်းအင်အား တစ်ရာကျော်ဖြင့် အနီးဝန်းကျင်ကျေးရွာများဘက်ကို စစ်ကြောင်းဆက်ထိုးနေကာ နိုဝင်ဘာလ ၇ ရက်တွင် ဇလုံးတောင်အနီး ရောက်လာကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“တဖြည်းဖြည်းတိုးချဲ့လာတာ အခု (အင်အား) တစ်ရာကျော်သွားပြီ။ အရှေ့မော်တုန်းအုပ်စုထဲက ဇလုံး၊ ထုံနွယ်၊ အရှေ့မော်တုန်းက ရွာသားတွေတော့ စိုးရိမ်ပြီး ထွက်ပြေးနေကြတာပေါ့” ဟု ၎င်းက ပြောသည်။

ယနေ့တွင် စစ်ကြောင်းမည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ဒေသခံများထံ ဆက်သွယ်၍ မရသေးသဖြင့် မသိရသေးပေ။

စစ်ကြောင်း စထိုးသည့်ရက်တွင်ပင် အရှေ့မော်တုန်းရွာက ဒေသခံနှစ်ဦး၊ ပြင်းရိုးရွာသားနှစ်ဦးနှင့် ဇလုံးရွာသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၅ရက် နံနက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် နိုဝင်ဘာလ ၄ရက် နံနက်ကလည်း မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ရင်းကို စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့တစ်ခု ရောက်လာပြီး ဒရုန်းများ နေ့စဉ်နီးပါးပျံသန်းနေသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ စစ်အင်အားတိုးချဲ့ပြီး စစ်ကြောင်းထိုးနေခြင်း၊ ဒရုန်းများ နေ့စဉ်နီးပါးပျံသန်းနေခြင်းကြောင့် တော်လှန်ရေးတပ်များနှင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေခြင်းနှင့်ပတ်သက်ပြီး ဒေသတွင်း စစ်ရေးအခြေအနေကို သိရှိနိုင်ရန် တော်လှန်ရေးတပ်များထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။