BREAKING
December 22, 2024

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတွင် တိုက်ပွဲပြင်းထန်

November 8, 2024

ပုံစာ - သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းတစ်နေရာ (ပုံဟောင်း)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းတစ်လျှောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၅ ရက်က သံဖြူဇရပ်-ဘုရားသုံးဆူလမ်း အတိုင်း စစ်ကောင်စီတပ်ဗျူဟာရှိသည့် အနန်းကွင်းဘက်သို့ စစ်ကြောင်းဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စခန်းကြီးကျေးရွာအနီးနားတစ်ဝိုက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့ခြင်းကြောင်း ဒေသခံများက ဆိုသည်။

နှစ်ဖက်တိုက်ပွဲသည် နိုဝင်ဘာလ ၈ ရက်နေ့ထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် စစ်ကြောင်း ရှေ့ဆက်မရဘဲ စခန်းကြီး၊ ဇီးနှစ်ပင်ကျေးရွာတစ်ဝိုက်တွင် ရှိနေကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

“တိုက်ပွဲက နေ့တိုင်းဖြစ်နေတော့ စစ်ကြောင်းက ဆက်သွားလို့မရဘဲ စခန်းကြီး၊ ဇီးနှစ်ပင်အနီးတစ်ဝိုက်မှာပဲ ရှိနေတယ်။ ပြန်ဆုတ်သွားတာလည်း မရှိသေးဘူး။ စစ်တပ်ရှိနေရင် တိုက်ပွဲက ဆက်ဖြစ်နေမှာပဲလေ။ နောက် လက်နက်ကြီးနဲ့ လှမ်းပစ်နေတာလဲရှိတယ်” ဟု စခန်းကြီးဒေသခံတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲပစ်ကူမှုရှိနေသည့်အပြင် သံဖြူဇရပ် ဝဲကလိတပ်နယ် အမြောက်တပ်ကလည်း လက်နက်ကြီးဖြင့် လှမ်းကူ ပစ်ခတ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားနေမှုနှင့် စစ်ကောင်စီဘက်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် စခန်းကြီး၊ ဇီးနှစ်ပင်၊ ရဲတံခွန်၊ ရွာသစ်၊ ပယော်ဟဲ အစရှိသည့်ကျေးရွာများမှ ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံတို့က ပြောဆိုသည်။

သံဖြူဇရပ်-ဘုရားသုံးဆူကာလမ်းရှိ အနန်းကွင်းဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဩဂုတ်လလယ်ခန့်ကပြီး ဒေသတွင်း တိုက်ပွဲဖြစ်ပွားလာခဲ့သည်။

လက်ရှိတွင် အနန်းကွင်းဗျူဟာတပ်စခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သိမ်းယူရန် တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း အနန်းကွင်းဗျူဟာတပ် စခန်းမကျရေးကို ပြန်လည်ခုခံတိုက်ခိုက်လျက်ရှိသည်။