BREAKING
December 22, 2024

ရာဇဝတ်သား နန်းတက်ချိန်

November 8, 2024

စစ်ပွဲများ၊ ရန်စောင်မှုများ အကြား ထရမ့် ၂.၀ မူဝါဒနှင့် မြန်မာအပေါ် သက်ရောက်နိုင်ခြေ

လေးနှစ်ကြာ မက်ခဲ့ရတဲ့ အိပ်မက်ဟာ နောက်ဆုံးမှာ ဒေါ်နယ်ထရမ့်ပ် လက်ထဲ ရောက်လာခဲ့ပြီ။

“Make America Great Again!”

“အမေရိကကို တဖန်ကြီးကျယ်လာအောင် လုပ်မဟေ့” ဆိုတဲ့ ကမ္ဘာကျော်ကြွေးကြော်သံနဲ့ ပြီးခဲ့တဲ့ လေးနှစ်မှာ အမေရိကန်ဒီမိုကရေစီကို အနုကြမ်းစီးခဲ့သူဟာ ဒီနေ့မှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ အသက်ကြီးဆုံး သမ္မတအဖြစ် အောင်ပွဲခံနေပါပြီ။

The Capitol လွှတ်တော် အဆောက်အအုံကို သူ့နောက်လိုက်တွေ ဝင်စီးလိုက်တာ မအောင်မြင်ခဲ့တဲ့နောက်မှာ အပယ်ခံတစ်ယောက်လို အိမ်ဖြူတော်ကနေ ထွက်သွားခဲ့ရတဲ့ ဒေါ်နယ်ထရမ့်ပ်ဟာ အံ့အားသင့်ရလောက်အောင် အိမ်ဖြူတော်ကို ပြန်လာနိုင်ခဲ့ပြီ။

အမေရိကန်ပြည်ထောင်စုရဲ့ အနှစ် ၂၅၀ သမိုင်းမှာ မကြုံစဖူးဖြစ်ရပ်ပါပဲ။

အမေရိကန်တရားရေးစနစ်အရ “Felony” လို့ခေါ်တဲ့ ကြီးလေးတဲ့ ပြစ်မှု ကျူးလွန်သူ ရာဇဝတ်သားအဖြစ် စီရင်ချက်အချခံထားရသူ၊ အပြာမယ်နဲ့ ဆက်နွယ်တဲ့ အမှုအပါအဝင် အခြားစွဲချက်ပေါင်းများစွာနဲ့ တရားရင်ဆိုင်နေရင်းတန်းလန်းရှိဆဲ ပုဂ္ဂိုလ်ဟာ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပါတော့မယ်။

ဥရောပ၊ အာရှ တစ်လွှားက စစ်ပွဲများ၊ ရန်စောင်မှုများအကြား ထရမ့် ၂.၀ နိုင်ငံခြားရေး မူဝါဒနဲ့ မြန်မာ့ အရေး တို့ အပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်လဲ။

ခေတ်သစ်ကမ္ဘာရဲ့ စစ်ပွဲများ

မဲဆွယ်စည်းရုံးနေစဉ်ကာလမှာ မျက်လုံးပြူးစရာ ကတိကဝတ်တွေပေးတတ်တဲ့ သမ္မတလောင်းမျိုးကိုပြပါဆိုရင် ဒေါ်နယ်ထရမ့်ပါပဲ။ ရွှေ့ပြောင်းနေထိုင်ကြသူတွေကို သန်းနဲ့ချီပြီး ပြန်နှင်ထုတ်မယ်၊ မက္ကဆီကိုနိုင်ငံထဲက မူးယစ်ဂိုဏ်းတွေကို ဒုံးကျည်နဲ့ ပစ်မယ်၊ ဒီမိုကရက်ပါတီကို မောင်းနှင်နေတဲ့ လက်ဝဲယိမ်းငမိုက်သားတွေကို စစ်တပ်သုံးပြီး ဖြိုခွင်းမယ်။

ထရမ့်ရဲ့ ပထမသက်တမ်းမှာ အမေရိကန်စီးပွားရေးက ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်လာချိန်အထိ တိုးတက်ခဲ့ပါတယ်။ နိုင်ငံခြားရေးမူဝါဒအကြပ်အတည်းတွေ မပေါ်ပေါက်ခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်ကို ပြောင်းပြန်လှန်ဖို့ ထရမ့်က ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းဟာ ဒီမိုကရက်တွေ ခန့်မှန့်ထားသလောက်တော့ ကပ်ဆိုးမဆန်ခဲ့ပါဘူး။

ဒုတိယအကြိမ်သမ္မတသက်တမ်းအတွက် အိမ်ဖြူတော်ထီးရိပ်ကို ပြန်လာတော့မယ့် ထရမ့်ကို အမေရိကန်ရဲ့ ရန်သူတွေရော၊ မိတ်ဆွေတွေကပါ သတိထားစောင့်ကြည့်နေကြရပါပြီ။

သူ့ရဲ့ ပထမသက်တမ်းမှာတုန်းကလိုပဲ ပရမ်းပတာ ရှုပ်ထွေးမှုတွေ ၊ ခန့်မှန်းမရမှုတွေနဲ့ ပြန်ခေါင်းထောင်လာမှာလား။

ထရမ့် ရင်ဆိုင်ရမယ့် လက်ရှိကမ္ဘာကြီးရဲ့ အခင်းအကျင်းဟာ သူ့ရဲ့ပထမသက်တမ်းတုန်းကထက် ပိုအန္တရာယ်များတဲ့ ကမ္ဘာ၊ ပိုခန့်မှန်းရခက်နေတဲ့ ကမ္ဘာ ဖြစ်နေပါပြီ။

ဥရောပတိုက်အရှေ့ပိုင်းရဲ့ ဒေသတွင်းပဋိပက္ခတစ်ခုလို့သာ တချိန်က ယူဆခဲ့ကြတဲ့ ယူကရိန်းအကျပ်အတည်းဟာ လက်ရှိမှာတော့ အကြီးစားစစ်ပွဲတစ်ပွဲ ဖြစ်နေခဲ့ပါပြီ။

ဆယ်စုနှစ်များစွာအတွင်း ဥရောပမှာ ပထမဆုံးပေါက်ကွဲထွက်လာတဲ့ ယူကရိန်းစစ်ပွဲ။

ပူတင်ဘက်က နျူကလိယလက်နက်ကို ထုတ်သုံးဖို့အထိ ထပ်တလဲလဲ ခြိမ်းခြောက်လာနေတာမျိုးပါ။

၂၁ ရာစုရဲ့ အရပ်သားထိခိုက်သေဆုံးမှုအများဆုံး စစ်ပွဲတွေထဲကတစ်ခုကလည်း အရှေ့အလယ်ပိုင်းမှာ မိးဟုန်းဟုန်းတောက်နေပါတယ်။ အစ္စရေးရဲ့ ဂါဇာစစ်ပွဲဟာ ဒေသတွင်းပဋိပက္ခကြီးတစ်ခုဆီရောက်အောင် လျှင်လျှင်မြန်မြန် ပြန့်ကားထွက်လာနေတယ်။

အစ္စရေးနဲ့ အီရန်ကြားက တိုက်ရိုက်တိုက်ခိုက်မှုတွေ ပေါ်လာနိုင်ခြေ ရှိနေတယ်။ အမေရိကန်စစ်တပ်ကိုယ်တိုင် စစ်ပွဲထဲ ကျွံဝင်လာနိုင်တဲ့ ရေခံမြေခံတွေ အစပျိုးနေပါတယ်။

အန္တရာယ်များတဲ့ ပဋိပက္ခတွေရဲ့ အလားအလာဟာ ကမ္ဘာ့အရှေ့ပိုင်းမှာလည်း ကြွက်သားပြလာနေတယ်။

မြောက်ကိုရီးယားအရေးစောင့်ကြည့်သူတော်တော်များများ ယုံကြည်နေကြတာတစ်ခုက မြောက်ကိုရီးယားဟာ စစ်ပွဲအတွက် ပြင်ဆင်နေပြီဆိုတဲ့ အချက်ပဲ။ ကိုရီးယားကျွန်းဆွယ်ပေါ်မှာ မီးကုန်ယမ်းကုန် အင်္ဂါစုံစစ်ပွဲကြီးတစ်ပွဲ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ဟာ လက်ရှိအချိန်မှာ အမြင့်ဆုံး အနေအထားကို ရောက်နေတယ်။

“ကိုရီးယားကျွန်းဆွယ်ပေါ်မှာ စစ်ဖြစ်လာရင် မြောက်ကိုရီးယားဘက်က နျူကလိယလက်နက်မသုံးရင်တောင်မှ ဒီစစ်ပွဲမှာ လူတစ်သန်းကျော်အသက်ဆုံးရှုံးနိုင်တယ်” လို့ Vox သတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် Joshua Keating က သတိပေးပါတယ်။

သူ ဆက်သတိပေးတာက တရုတ်ရဲ့ ကျူးကျော်မှုကြောင့် ထိုင်ဝမ်မှာ စစ်ဖြစ်လာရင် ရုရှား- ယူကရိန်းစစ်ပွဲရဲ့ နှစ်ဘက်ထိခိုက်သေဆုံးမှုပမာဏထက် ပိုများတဲ့ အခြေအနေတွေ တွေ့ရမယ်ဆိုတာပါပဲ။

သေဆုံးမှုပမာဏကို ထည့်မတွက်ဘူးဆိုရင်တောင်မှ ထိုင်ဝမ်မှာ ပေါ်ပေါက်လာမယ့် စစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ပြင်းပြင်းထန်ထန် အရှိုက်ထိသွားစေမယ့် ခေတ်သစ်စစ်ပွဲတစ်ပွဲ ဖြစ်လာမယ်။ အမေရိကန်က ထိုင်ဝမ်ဘက်က ဝင်ကူမယ်ဆိုရင် အမေရိကန်ဟာ အီရတ်နဲ့ အာဖဂန်နစ်စတန်မှာ အနှစ် ၂၀ စစ်တိုက်ရင်း ဆုံးရှုံးခဲ့ရတဲ့ တပ်သားအရေအတွက်ကို ရက်သတ္တပတ်ကာလအတွင်း ဆုံးရှုံးလိုက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အီရန်နိုင်ငံတို့ဟာ အိုင်ဒီယိုလော်ဂျီအရ တူညီမှု များများစားစားမရှိပေမယ့် သူတို့အချင်းချင်းအကြား ပူးပေါင်းလုပ်ဆောင်မှုကို တိုးမြှင့်လာနေပါတယ်။ ရုရှားတပ်ဖွဲ့တွေနဲ့ အတူ စစ်တိုက်နေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ယူကရိန်းမှာ ရှိနေပြီဆိုတဲ့ သတင်းဟာ ဒါကို သက်သေပြနိုင်တဲ့ ပူပူနွေးနွေး ဥပမာတစ်ခုပါပဲ။

တကျော့ပြန်ထရမ့်နဲ့ မြန်မာ့အရေး

“တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ မြန်မာ့နွေဦးတော်လှန်ရေးကို ၂၀၂၁ မှာ စတင်ထောက်ခံအားပေးခဲ့တယ်။ အမေရိကန်ပြည်ထောင်စုမှာ ကြီးထွားလာနေတဲ့ ဖက်ဆစ်နိုင်ငံရေးကို တိုက်ခိုက်ဖို့အတွက် မြန်မာ့နွေဦးတော်လှန်ရေးကို ကျွန်တော်တို့တိုက်ပွဲရဲ့ တစိတ်တပိုင်းလို့ မြင်ခဲ့ပါတယ်။ တကယ်လို့ မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးတဲ့ လှုပ်ရှားမှုတစ်ရပ် အမေရိကန်နိုင်ငံသားတွေကြားမှာ ခိုင်ခိုင်မာမာရှိနေခဲ့ရင် ဒီမိုကရေစီကို ကာကွယ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို လူအများနားလည်လာအောင်လုပ်ရာမှာ ပိုအထောက်အကူဖြစ်လိမ့်မယ်။ ထရမ့်နောက်တစ်ကြိမ်ပြန်တက်လာမှာကို လူတွေ တားဆီးနိုင်ဖို့ ပြင်ဆင်ရာမှာ ပိုအကူအညီဖြစ်လိမ့်မယ်”

ထိုင်း-မြန်မာ နယ်စပ်ကို ရောက်မလာခင်က ချီကာဂိုမြို့က စတိုးဆိုင်မှာ အလုပ်လုပ်ရင်းရတဲ့ လုပ်အားခတွေ မြန်မာ့နွေဦးတော်လှန်ရေးအတွက် လှူဒါန်းလေ့ရှိတဲ့ Michael Sladnick က ပြောပါတယ်။

“ဒီမိုကရေစီကို တိုက်ခိုက်ဖို့ ထရမ့်စီစဉ်ထားတာတွေကို ရင်ဆိုင်ဖို့အတွက် အမေရိကန်နိုင်ငံမှာ အင်အားကောင်းတဲ့ လှုပ်ရှားမှုတစ်ရပ်ပေါ်လာဖို့ဆိုရင် မြန်မာ့နွေဦးတော်လှန်ရေးကို ဆက်လက်ထောက်ခံတာဟာ ကျွန်တော်တို့ လုပ်နိုင်တဲ့ အကောင်းဆုံးအရာပဲ”

သမ္မတဘိုင်ဒန်လက်ထက်မှာ မြန်မာ့အရေးအတွက် Burma Act ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလင်ကန် ပါတီကြီးနှစ်ရပ်စလုံးရဲ့ ထောက်ခံမှုနဲ့ ပြဌာန်းခဲ့တာ ဥပဒေပါ။ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနဲ့ ဒီမိုကရေစီ၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေအတွက် လူမသေစေနိုင်တဲ့ အကူအညီထောက်ပံ့ပေးရေးကိစ္စ လမ်းညွှန်ချက်တွေကို Burma Act ဥပဒေက သတ်မှတ်ထားပါတယ်။

လူမျိုးစုသဟဇာတဖြစ်မှုနဲ့ ဘာသာရေးလွတ်လပ်ခွင့် မြှင့်တင်ရေးအတွက် ဆိုခဲ့ပါ ဥပဒေက ရန်ပုံငွေထောက်ပံ့ဖို့ အာမခံချက်ပေးထားပါတယ်။ အားလုံးပါဝင်တဲ့ ကိုယ်စားပြုဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာ ထူထောင်ရေးလို ကိစ္စရပ်တွေအတွက် ရန်ပုံငွေထောက်ပံ့ပေးဖို့ အာမခံချက် မပါဝင်ပါဘူး။

ဘိုင်ဒန်အစိုးရဟာ မြန်မာ့အရေးအကျပ်အတည်းဖြေရှင်းရာမှာ အာဆီယံအဖွဲ့ကိုပဲ ရှေ့တန်းတင်ထားပါတယ်။ မြန်မာ့အရေး အာဆီယံရဲ့ သဘာတူညီချက်ငါးချက်အစီအစဉ်ကို ဘိုင်ဒန်အစိုးရက ထောက်ခံအားပေးပါတယ်။

တော်လှန်ရေးအုပ်စုတွေကို သံတမန်ရေးအရ ထောက်ခံအားပေးမှု ခိုင်မာအောင် လုပ်ပြီး Burma Act ဥပဒေထဲမှာ ဖော်ပြထားတဲ့ အစီအမံတွေကို ပိုထိရောက်လာအောင် လုပ်ဆောင်ဖို့ အမေရိကန်အစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းကြပါတယ်။

ဒါပေမယ့် ထရမ့်ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းမှာ Burma Act ဥပဒေကို အကောင်အထည်ဖော်မှုက ပိုလို့တောင် အားနည်းသွားနိုင်တယ်လို့ ကျွမ်းကျင်သူအချို့က စိုးရိမ်မှုရှိနေပါတယ်။ ဒါဟာ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးအပ်ရေးတို့မှာ အမေရိကန်အစိုးရရဲ့ အလေးပေးမှုလျော့နည်းလာနိုင်တယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ အမေရိကန်အစိုးရအကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာနိုင်ခြေ ပိုများလာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်နိုင်ပါတယ်။

သမ္မတထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ “အမေရိကန်က အဓိကဦးစားပေး”ဆိုတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးအကျိုးအမြတ်တွေကို တိုးမြှင့်နိုင်ဖို့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေနောက်ကို လိုက်ဖို့ပဲ အာရုံစိုက်တဲ့ လုပ်ငန်းစဉ်ပါပဲ။

ဒီချဉ်းကပ်မှုအရ စံနှုန်းအခြေပြုဘက်ပေါင်းစုံတွေ့ဆုံဆွေနွေးမှုတွေထက် ဘက်နှစ်ဘက်ကြားဆွေးနွေးပြီး လက်တွေ့ရလဒ်ထွက်ရေးကိုပဲ ပိုအာရုံစိုက်ပါတယ်။

ထရမ့် ၂.၀ နိုင်ငံခြားရေးမူဝါဒ

“နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လာရင် ဒေါ်နယ်ထရမ့်ဟာ အခုတမျိုး တော်ကြာတမျိုး ဖြစ်နေတုန်းပဲ ၊ တသမတ်တည်း မရှိဘူး”

ဥရောပကောင်စီရဲ့ နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ သုတေသီတွေက ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ အကြိုကာလမှာ ပြောခဲ့ပါတယ်။

သူ သမ္မတဖြစ်လာရင် ယူကရိန်း-ရုရှား စစ်ပွဲကို ၂၄ နာရီအတွင်း ရပ်တန့်အောင် လုပ်ပေးနိုင်တယ်လို့ ထရမ့်က ကြုံးဝါးတယ်။ တကယ်လို့ သူ ရွေးကောက်ပွဲရှုံးရင် အစ္စရေးဟာ အမြစ်ဖြတ်ခြေမှုန်းခံသွားရလိမ့်မယ်လို့ သတိပေးတယ်။

တရုတ်သွင်းကုန်ပစ္စည်းတွေအပေါ်မှာ စည်းကြပ်ခွန်ပိုတိုးကောက်မယ်လို့ ကတိပေးတယ်။ အမေရိကန်နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲပစ်ရမယ်လို့ ထရမ့်က ယုံကြည်ပါတယ်။

“ဥရောပနိုင်ငံတွေဟာ ထရမ့်ရဲ့ သမ္မတပထမသက်တမ်းမှာ ရခဲ့တဲ့ ဒဏ်ရာတွေကို လျှာနဲ့ လျက်နေရတုန်းပဲ။ သမ္မတဟောင်းထရမ့်ရဲ့ သွင်းကုန်စည်းကြပ်ခွန်တွေကို သူတို့ မမေ့ကြသေးဘူး။ ဥရောပသမဂ္ဂနဲ့ ဂျာမနီအပေါ်မှာထားတဲ့ ထရမ့်ရဲ့ နက်ရှိုင်းတဲ့ မုန်းတီးမှုကို ဥရောပနိုင်ငံတွေက မမေ့ကြသေးဘူး” လို့ ဆိုခဲ့ပါ သုတေသီတွေက ရေးပါတယ်။

သူ သမ္မတဖြစ်နေရင် ပူတင်ဟာ ၂၀၂၂ မှာ ယူကရိန်းကို ကျူးကျော်ခဲ့မှာ မဟုတ်ဘူးလို့ ထရမ့်က ၂၀၂၃ မှာ ပြောခဲ့ပါတယ်။

“အခုချိန်မှာတောင်မှ ဒီပြဿနာကို ကျုပ် ၂၄ နာရီအတွင်း ဖြေရှင်းပေးနိုင်တယ်”

ဒါပေမယ့် သူ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ မပြောခဲ့ပါဘူး။ ယူကရိန်းသမ္မတဇလန်စကီးက သမ္မတသစ်ဖြစ်လာမယ့် ထရမ့်ကို X လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ ထရမ့်ရဲ့ “ငြိမ်းချမ်းရေးအတွက် အင်အားသုံးတဲ့ နည်းလမ်းက ယူကရိန်းမှာ တရားမျှတတဲ့ ငြိမ်းချမ်းရေးနဲ့ ပိုနီးစပ်လာစေမယ့် လက်တွေ့ကျတဲ့ လမ်းစဉ်တစ်ခု”လို့ ဇလန်စကီးက ဖော်ပြသွားခဲ့ပါတယ်။

ပထမအကြိမ် သမ္မတဖြစ်ခဲ့စဉ်ကာလမှာ ထရမ့်က ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တာတစ်ခု ရှိပါတယ်။ ခရိုင်းမီးယားကျွန်းဆွယ်ပေါ်မှာ နေထိုင်သူအားလုံးဟာ ရုရှားစကားပြောသူတွေ ဖြစ်တာကြောင့် ဒီကျွန်းဆွယ်ဟာ ရုရှားပိုင်ဖြစ်သင့်တယ်လို့ ထရမ့်က ဆိုပါတယ်။

၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံထဲက ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ ထရမ့်အတွက် မဲဆွယ်ပေးခဲ့ကြတဲ့ အီလွန်မတ်စ်ကလည်း ခရိုင်းမီးယားဟာ ရုရှားပိုင်ဖြစ်သင့်တယ်ဆိုတဲ့ အယူအဆကို လူသိရှင်ကြားထောက်ခံခဲ့ပါတယ်။

အခုဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲမှာ ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ခု ရဖို့အတွက် ယူကရိန်းအနေနဲ့ နယ်မြေလက်လွှတ်ပေးအပ်ရနိုင်တယ်လို့ ထရမ့်က ၂၀၂၃ မှာ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ ဒါကို ယူကရိန်းပြည်သူတွေကလည်း လက်မခံပါဘူး။ ဘိုင်ဒန်ကလည်း ဒီလိုမျိုး တခါမှ အဆိုမပြုခဲ့ဖူးပါဘူး။

ယူကရိန်းအပေါ် ဘိုင်ဒန်ရဲ့ အားပေးထောက်ခံနေမှုကို ထရမ့်က အမြဲဝေဖန်ခဲ့ပါတယ်။ ထရမ့် တကျော့ပြန် သမ္မတဖြစ်လာချိန်မှာ ယူကရိန်းကို ထောက်ခံအားပေးနေတဲ့ နေတိုးအဖွဲ့မှာလည်း ခြိမ်းခြောက်မှုတွေ ကြုံလာရပါတယ်။ သူသာ သမ္မတဖြစ်ရင် နေတိုးရဲ့ အခန်းကဏ္ဍကို အခြေခံကျကျ ပြန်စဉ်းစားသွားရလိမ့်မယ်လို့ ထရမ့်က ပြောတယ်။

နေတိုးအဖွဲ့ဝင်တွေ အားလုံးသဘောတူချမှတ်ထားတဲ့ ကာကွယ်ရေးအသုံးစရိတ်ကို လုံလုံလောက်လောက် မဖြည့်ဆည်းနိုင်တဲ့ နိုင်ငံတွေကို ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

အဲဒီလို နိုင်ငံတွေကို အမေရိကန်ဘက်က ကာကွယ်ပေးဖို့ ငြင်းဆန်သွားမယ်လို့ ထရမ့်က ခြိမ်းခြောက်ပါတယ်။ အဲဒီနိုင်ငံတွေကို လုပ်ချင်တာ စိတ်ကြိုက်လုပ်ဖို့ ရုရှားကို အားပေးမယ်လို့ ထရမ့်က ရွေးကောက်ပွဲမဲဆွယ်ပွဲမှာ ပြောခဲ့ပါတယ်။

“နေတိုးအဖွဲ့ဟာ အဖွဲ့စထောင်ချိန်ကတည်းက အဆိုးရွားဆုံး ဖြစ်တည်မှုဆိုင်ရာခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်” လို့ အိုဘာမား အစိုးရလက်ထက်က နိုင်ငံခြားရေးမူဝါဒအကြံပေးဟောင်းဖြစ်သူ Brett Bruen က ဆိုပါတယ်။

အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အကြီးစားပြောင်းလဲမှုတွေ လုပ်ရလိမ့်မယ်လို့ သူ ယုံကြည်နေတယ်ဆိုတဲ့အကြောင်း ရွေးကောက်ပွဲအကြို မဲဆွယ်ပွဲကာလမှာကတည်းက ထရမ့်က ရှင်းရှင်းလင်းလင်း ဖော်ပြလာပါတယ်။ ရန်သူနိုင်ငံတွေထက်တောင်မှ မဟာမိတ်နိုင်ငံတွေရဲ့ အမေရိကန်နိုင်ငံကို ဆက်ဆံပုံက ပိုဆိုးရွားတယ်လို့ ထရမ့်က ပြောပါတယ်။

“စစ်ရေးအရ ကျွန်တော်တို့က သူတို့ကို ကာကွယ်ပေးတယ်။ ကုန်သွယ်ရေးမှာ သူတို့က ကျွန်တော်တို့ကို ပြန်လူလည်ကျတယ်။ ဒါမျိုး ကျွန်တော်တို့ အဖြစ်မခံတော့ဘူး”

စက်တင်ဘာလက ဝင်စကွန်ဆင်ပြည်နယ်က မဲဆွယ်ပွဲမှာ ထရမ့်က အဲဒီလို ပြောခဲ့ပါတယ်။

သမ္မတရာထူးနဲ့ မသင့်လျော်ဘူးလို့ သူ့ရဲ့ အကြံပေးဟောင်းတွေကိုယ်တိုင်က ထုတ်ပြောခံရတဲ့ အမေရိကန်သမ္မတဟောင်းဟာ ဒေါ်နယ်ထရမ့်ပါ။ ထရမ့်ဒုတိယအကြိမ် သမ္မတဖြစ်တော့မယ်လို့ လက်ခံလိုက်ရတဲ့အချိန်မှာ Michael Sladnick ဟာ Facebook ပေါ်မှာ ပရိုဖိုင်ဓာတ်ပုံ အနက်ရောင်ပြောင်းပြီး “RIP အမေရိကန်ဒီမိုကရေစီ”လို့ ရေးခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံရေး ဝန်းကျင်အသစ်ထဲ ရောက်နေပြီ။ လူတွေရဲ့ ထင်မြင်ယူဆချက်တွေကို လူမှုကွန်ရက်ပေါ်မှာ သူတို့ မြင်နေရတာတွေကပဲ ပုံသွင်းနေတဲ့ နိုင်ငံရေး ဝန်းကျင်အသစ်ထဲ ရောက်နေပြီ။ ရီပတ်ဘလင်ကန်ပါတီဘက်က ဆယ်စုနှစ်နဲ့ချီ တည်ဆောက်လာခဲ့တဲ့ လက်ယာယိမ်းသတင်းအချက်အလက်ယန္တရားတွေနဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို ဒီမိုကရက်ပါတီဘက်က မယှဉ်နိုင်ခဲ့ဘူး” လို့ သူက ပြောပါတယ်။

တကျော့ပြန်ထရမ့်နဲ့ ပတ်သက်ပြီး The Telegraph သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင်တစ်ယောက်က အခုလို မှတ်ချက်ချခဲ့ပါတယ်။

“အမေရိကကပဲ ထရမ့်ကို တဖန်ကြီးကျယ်လာအောင် လုပ်လိုက်ပုံပဲ”

Ref: Reuters, Vox, Time Magazine, The Economist, CNN

ဈာန်ဟိန်း