BREAKING
December 23, 2024

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက် သုံးခုတွင် ယနေ့ညနေ နိဗ္ဗာန်ဈေးလုပ်မည်

November 8, 2024

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်သုံးခုတွင် ယနေ့ညနေ ၄ နာရီမှစပြီး နိဗ္ဗာန်ဈေးလုပ်မည်ဖြစ်ကြောင်း မြို့ခံများကပြောသည်။

ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ ဆန်းချီရပ်ကွက်၊ ဒေါင်းငူရပ်ကွက်များတွင် နိဗ္ဗာန်ဈေး အလှူပေးသွားမည်ဖြစ်ကြောင်း မြို့ခံများကပြောသည်။

ယနေ့ ညနေ ၄ နာရီတွင်ထားဝယ်မြို့၊ အိုးလုပ်ပြင်ရပ်ကွက် ဓမ္မာရုံလမ်းတွင် နိဗ္ဗာန်ဈေးအလှူလုပ်ရန် စီစဉ်ထားကြောင်း မြို့ခံကပြောသည်။

“မနေ့က ဓမ္မာရုံမှာ တစ်ခွက်ဆွမ်းကပ်တယ်၊ ဒီနေ့ နိဗ္ဗာန်ဈေးလုပ်မှာပါ “ဟု အထက်ပါမြို့ခံကပြောသည်။

အိုးလုပ်ပြင်ရပ်ကွက်ရှိ ယနေ့ နိဗ္ဗာန်ဈေးအလှူတွင် သင်္ဘောသီးသုပ်၊ လက်ဖက်ထမင်း၊ ရေခဲချောင်း၊ ကြံ နှင့် အခြားမုန့်ခဲဖွယ်များ လှူဒါန်းမည်ဖြစ်ကြောင်း မြို့ခံရပ်ကွက်သူ ရပ်ကွက်သားများကပြောသည်။

ယင်းသို့ပင် ဆန်းချီရပ်ကွက် ဓမ္မာရုံလမ်းနှင့် နတ်စင်လမ်းများတွင် ယနေ့ညနေ ၄ နာရီခန့်မှစ၍ နိဗ္ဗာန်ဈေး အလှူပေးမည်ဖြစ်ကြောင်း ဆန်းချီရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။

“ဘုရားရုပ်ပွားတော် ပူဇော်ထားရှိတဲ့ ဓမ္မာရုံလမ်းတစ်လျှောက်မှာ လုပ်မှာပါ”ဟု ယင်းအမျိုးသမီးက ပြောသည်။

ဆန်းချီရပ်ကွက်ရှိ ယနေ့ နိဗ္ဗာန်ဈေးအလှူတွင် ထားဝယ်မုန့်လက်သုတ်၊ဆန်ပြုတ်၊ မုန့်လုံးရေပေါ်၊ ကြာဆံချက်နှင့် အခြားမုန့်ခဲဖွယ်များ ကျွေးမွေးလှူဒါန်းမည်ဖြစ်ကြောင်း ရပ်ကွက်သူရပ်ကွက်သားများက ပြောသည်။

ယင်းအပြင် နိဗ္ဗာန်ဈေးအလှူကို ယနေ့ ထားဝယ်မြို့ ဒေါင်းငူရပ်ကွက်တွင်လည်း ညနေ ၄ နာရီမှာပင် စမည်ဖြစ်ကြောင်း မြို့ခံများထံမှသိရသည်။

ယခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပမည့် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့် ပွဲတွင်လှည့်မည့် ဘုရားများကို မြို့ပေါ်ရပ်ကွက်အလိုက် ပူဇော်ခံထားရှိပြီးဖြစ်သည်။

ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုကြောင့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် လုံးဝမကျင်းပနိုင်ခဲ့ပေ။

၂၀၂၂ ခုနှစ်တွင်မူ ဘုရားကြီးဝင်းအတွင်းသာ အကျဥ်းရုံးကျင်းပနိုင်ခဲ့ပြီး ယမန်နှစ်မှစပြီး နှစ်ကျိပ်ရှစ်ဆူဘုရားများကို နေ့ဘက်၌ မြို့တွင်းလှည့်လည် အပူဇော်ခံခြင်းဖြစ်သည်။