BREAKING
January 22, 2025

မြန်မာလုပ်သားများကို လုပ်အားခ ဘတ် ၇ သိန်းကျော် မပေး၍ အလုပ်ရှင်ကို အမှုဖွင့်

November 8, 2024

ပုံစာ - အလုပ်သမားများ တိုင်ကြားနေစဉ် (WAG)

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော MoU မြန်မာအလုပ်သမာများ၏ လုပ်အားခ နှစ်လစာ ဘတ် ၇ သိန်းကျော် မပေးသဖြင့် အလုပ်ရှင်ကို အမှုဖွင့် တိုင်ကြားလိုက်ပြီဖြစ်သည်။

ယင်းအလုပ်ရှင်ကို အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့် ပြီးခဲ့သောနှစ် ၂၀၂၃ ခုနှစ်အစောပိုင်းက ထိုင်းနိုင်ငံသို့ တရားဝင် စာချုပ်ချုပ်၍ ဝင်ရောက်လာသော အလုပ်သမားများဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်ရန် စာချုပ်ချုပ်ထားသော်လည်း ထိုင်းရောက်လာသောအခါ စာချုပ်ပါအတိုင်းမဟုတ်ဘဲ မဟာချိုင်ရှိ လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ခဲ့ရသည်။

ယင်းလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော တစ်နှစ်ကျော်ခန့်ကာလအတွင်း လုပ်အားခပုံမှန်မရရှိသည့်အပြင် နိုင်ငံကူးလက်မှတ်ကဲ့သို့ စာရွက်စာတမ်းများကိုလည်း အလုပ်ရှင်က သိမ်းထားခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

စက်တင်ဘာလနှင့် အောက်တိုဘာလ လုပ်အားခများကိုလည်း အလုပ်ရှင်က မထုတ်ပေးသဖြင့် လုပ်အားခ ဘတ် ၇ သိန်းကျော်နှင့် သိမ်းဆည်းထားသော စာရွက်စာတမ်းများကို ပြန်လည်ရရှိရန် WAG အဖွဲ့နှင့် ပူးပေါင်း၍ နိုဝင်ဘာလ ၇ ရက်နေ့က အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“တိုင်ချက်လည်း ဖွင့်ပြီးတော့ အလုပ်ပြန်ဆင်းတဲ့အချိန် သူဌေးက ကျွန်တော်တို့ကို အလုပ်ပြန်မဆင်းခိုင်းတော့ဘူး။ စာရွက်စာတမ်းတွေ ပြန်ပေးဖို့ ပြောတော့လည်း ပေးမယ်ပဲ ပြောတာ။ ဘယ်အချိန်ပေးမလဲမသိလို့ စောင့်နေရတုန်းပေါ့။ လောလောဆယ် အလုပ်ကလည်း မရှိတော့ဘူး” ဟု အလုပ်သမားတစ်ဦးက ဆိုသည်။

အလုပ်သမားများကလည်း လုပ်အားခမရရှိသည့်အပြင် အမှုဖွင့်တိုင်ကြားပြီးနောက် အလုပ်ရှင်က အလုပ်မဆင်းခိုင်းတော့သဖြင့် အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲဖြစ်နေကြကြောင်း အလုပ်သမားများက ဆိုသည်။

သိမ်းဆည်းထားသော နိုင်ငံကူးလက်မှတ်များကို အလုပ်သမားများထံ ပြန်လည်ပေးအပ်ရန် အလုပ်ရှင်ထံ တောင်းခံခဲ့သော်လည်း ပြန်ပေးမည့်အချိန်ကို တိတိကျကျ အဖြေမပေးသေးကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ဆိုသည်။

လက်ရှိတွင် အလုပ်ရှင်များက အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများ ပိုများလာနေသကဲ့သို့ ထိုင်းဌာနဆိုင်ရာ ရုံးများကလည်း မြန်မာအလုပ်သမားများအပေါ် အရေးယူလုပ်ဆောင်ပေးမှုများ အားနည်းလာခဲ့ကြောင်း ကိုမုန်တိုင်းက ထောက်ပြသည်။

“ဒီသူဌေးက အရင်တုန်းကလည်း တိုင်ထားဖူးတယ်။ အလုပ်သမားတွေကို ဘိုင်ကျန့်အော်တွေကိုပါ သတ်ပစ်တာ။ (အလုပ်ထွက်စာကို သက်တမ်းကုန်စေပြီး တရားမဝင် အလုပ်သမားပြန်ဖြစ်) ဒါကို နယ်မြေခံ ရုံးတွေတိုင်တယ်။ ရုံးတွေ တိုင်တယ်ဆိုတာကလည်း သိတဲ့အတိုင်းပဲ မြန်မာပြည်သားတွေဘက်မှာ သိပ်မရှိတော့ဘူး။ အရင်ကထက် စာရင်ပေါ့” ဟု ကိုမုန်တိုင်းက ဆိုသည်။

လက်ရှိ ရုံးတွင် အလုပ်သမားများ၏ လုပ်အားခများ ပြန်လည်ရရှိရန်နှင့် နိုင်ငံကူးလက်မှတ်စာအုပ်များ ပြန်လည်ရရှိရန် တောင်းဆိုထားကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံရှိ အလုပ်ရှင်များသည် အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်ကဲ့သို့ စာရွက်စာတမ်းများကို အလုပ်သမားများ၏ ခွင့်ပြုချက်မရှိပဲ သိမ်းဆည်းပိုင်ခွင့်မရှိကြောင်း ဥပဒေအရ ပြဌာန်းထားသည်။

အကယ်၍ မိမိအထောက်အထားစာရွက်စာတမ်းများကို အလုပ်ရှင်က အတင်းအကြပ် သိမ်းဆည်းထားပါက နီးစပ်ရာ အလုပ်သမားရုံးများသို့ဖြစ်စေ မြန်မာအလုပ်သမားအဖွဲ့အစည်းများသို့ဖြစ်စေ ကူညီတောင်းခံနိုင်ကြောင်း အလုပ်သမားကူညီရေးလှုပ်ရှားနေသူများက တိုက်တွန်းထားသည်။