BREAKING
December 23, 2024

ပုလောတွင် စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်ချိန် အရပ်သားတစ်ဦးကိုဖမ်းခေါ်သွား

November 8, 2024

ပုံစာ - ပုလောမြို့နယ် ဇရပ်ဆိပ်ရွာအတွင်း တစ်နေရာအားတွေ့ရစဉ်(ပုံဟောင်း)

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ ဘုန်းကြီး‌ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာအတွင်းမှ ပြန်လည်ဆုတ်ခွာချိန်တွင် အရပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇရပ်ဆိပ်ကျေးရွာနှင့် အနီးဝန်းကျင်တွင် လဝက်ကျော်ကြာ တပ်စွဲပြီးနောက် နိုဝင်ဘာလ ၆ရက် နံနက်စောစောတွင် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်သားများ ပြန်ဆုတ်သွားချိန်တွင် အသက် ၃၅နှစ်အရွယ် ကိုစိုးကြီးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးသွားသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ကြိုးနဲ့တုပ်ပြီး ပုလော ၂၈၅ စစ်တပ်ကို ခေါ်သွားတယ်။ မိသားစုက လိုက်ထုတ်တာ၊ စစ်ဆေးစရာရှိလို့ပြောပြီး မလွှတ်ပေးဘူး” ဟု ၎င်းက ပြောသည်။

ကိုစိုးကြီးသည် စစ်ကောင်စီစစ်ကြောင်းဝင်လာချိန်တွင် ဈေးဆိုင်၌ ဈေးရောင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။

လက်ရှိတွင် ကြဲနှင့် စက်တော်ရာရွာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်စစ်ကြောင်းရှိနေပြီး တပိုကျေးရွာမှ မင်းပြင်ကျေးရွာအထိ စစ်ကောင်စီတပ်သားများ မရှိတော့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“(ဇရပ်ဆိပ်ရွာက) လူတစ်ယောက်ကိုဖမ်းသွားတယ်။ ရွာထဲမှာတော့ အိမ်တွေကိုဖျက်စီးခဲ့လို့ တော်တော်ပျက်စီးနေတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၂၈ရက်ကလည်း ဇရပ်ဆိပ်ရွာသား ကိုငွေလှ၊ ကိုမြင့်ဖေနှင့် အသက် ၃၀ အရွယ် ကိုဝတုတ်တို့ သုံးဦးကိုဖမ်းဆီးခဲ့ပြီး ၎င်းတို့မှာလည်း သတင်းမရဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

အောက်တိုဘာလ ၂၆ ရက်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းကက သင်္ကန်းတော‌ရွာနေ အသက်၃၀ ဝန်းကျင် အရွယ် အမျိုးသားတစ်ဦးနှင့် ကဒဲရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမြင့်လွင် (ခေါ် ) ကိုကပ်ပကို ပစ်သတ်သွားသေးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဆုတ်ခွာသွားပြီဖြစ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေရှင်းလင်းပြီးမှသာ စစ်ရှောင်ဒေသခံများနေရပ်ပြန်ကြရန် တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သားများသည် အများပြည်သူသွားလာနေသည့် လမ်းများ၊ ဥယျာဉ်ခြံများအတွင်း မိုင်းထောင်ထားလေ့ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

အောက်တိုဘာလ ၁၄ ရက်မှစကာ ပုလောမြို့နယ်ရှိ ပြည်ထောင်စုလမ်းပိုင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်သား ရာချီအသုံးပြုကာ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ရက်ရှည်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ဒေသခံထောင်ပေါင်းများစွာလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။