BREAKING
December 23, 2024

ပုလော ကျောက္ကာရွာအနီး နစ်မြုပ်သွားသည့် စက်လှေပြန်တွေ့

November 8, 2024

ပုံစာ - ပြန်တွေ့သည် စက်လှေအား နိုဝင်ဘာလ ၇ရက် ပစ္စည်းရှာဖွေရေးနှင့် အမှတ်အသားပြုလုပ်နေစဥ် ။ Photo - Ashin Eaindaka

ပုလောမြို့နယ်၊ ကျောက္ကာရွာမှ မြိတ်သို့သွားစဥ် ပင်လယ်ပြင်တွင် နစ်မြုပ်သွားသည့် စက်လှေအား လဝက်ကျော်အကြာ နိုဝင်ဘာလ ၆ ရက်က ပြန်လည်တွေ့ရှိကြောင်း ကျောက္ကာရွာဒေသခံများက ပြောသည်။

လှေလုပ်သားများက ရေကျချိန်တွင် ကျောက္ကာရွာမှ လှေဖြင့် ၄၅မိနစ်ခန့်သွားရသည့် ပန်းပြင်ကျွန်းအနီး ပြန်လည်တွေ့ရှိခဲ့ ကြောင်း ၎င်းတို့က ဆိုသည်။

နိုဝင်ဘာလ ၇ ရက်တွင် လှေအတွင်းရှိ ပစ္စည်းများဆယ်ယူကာ လှေတွေ့ရှိသည့်နေရာအား အမှတ်အသားပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“လှေက စမြုပ်တဲ့နေရာမှာ ရေဝဲရှိတော့ ရေဝဲကပဲ ရေစီးနဲ့ ဆွဲသွားတယ်ထင်တယ်။ ပန်းပြင်ကျွန်းနားမှာ ပြန်တွေ့တယ်။ လှေလုပ်သားတွေက တွေ့တဲ့နေရာအမှတ်အသားလုပ်ခဲ့ပြီး ရွာကလူတွေနဲ့ပဲ ပစ္စည်းတွေ ပြန်သွားဆယ်ကြတယ်” ဟု စက်လှေအတွင်းပစ္စည်းပြန်သွားဆယ်ယူရာတွင် ပါဝင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

စက်လှေအတွင်းမှ ဆိုင်ကယ်တစ်စီး၊ စက်ဘီးတစ်စီး၊ ခရီးသည်များ၏ အဝတ်ထုပ်အချို့ နှင့် ပိုက်ဆံထုပ်များအား ပြန်လည်ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြန်လည်ရရှိသည့် ပိုက်ဆံထုပ်များသည် ကျောက္ကာရွာရှိ ကုန်ပစ္စည်းဆိုင်များမှ မြိတ်မြို့သို့ ကုန်မှာရန် ထည့်ပေးလိုက်သည့် ပိုက်ဆံများဖြစ်ပြီး ပိုင်ရှင်များထံပြန်လည်အပ်နှံပြီးဖြစ်ကြောင်း ရှာဖွေရေးဆောင်ရွက်သူများထံမှ သိရသည်။

ပြန်လည်တွေ့ရှိခဲ့သည့် ငွေကြေးပမာဏကို စာရင်းပြုစုနေဆဲဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

လူမှုကယ်ဆယ်ရေးအသင်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုမူ အောက်တိုဘာလ ၂၉ ရက်တွင် ရပ်နားခဲ့ ပြီးနောက် ရွာသားများနှင့် ပစ္စည်းပိုင်ရှင်များက ဆက်လက်ရှာဖွေဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

စက်လှေအကြီးမရှိသေးသဖြင့် စက်လှေကို ဆယ်ယူနိုင်ခြင်း မရှိသေးဘဲ တွေ့ရှိသည့်နေရာအား အမှတ်အသားပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်ဆယ်ယူရန် အစီအစဥ်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ရွာခံ ဆရာတော်တစ်ပါးက မိန့်သည်။

အောက်တိုဘာလ ၂၀ရက်ညက ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စက်လှေနစ်မြုပ်မှုဖြစ်စဥ်တွင် သေဆုံးသူ ၁၇ ဦး ပြန်ကယ်ဆယ်နိုင်သူ ၇၅ ဦးနှင့် ပျောက်ဆုံးသူ ၉ ဦးရှိနေဆဲဖြစ်ပြီး စာရင်းမရဘဲပျောက်ဆုံးနေသူများလည်း ရှိနိုင်သေးကြောင်း ဆရာတော်က မိန့်သည်။

စက်လှေပိုင်ရှင်၏သား ပဲ့နင်းဖြစ်သူကိုမူ လှေမြုပ်ပြီး နောက်တစ်ရက်တွင် စစ်ကောင်စီ၏ ကျေးရွာပြည်သူ့စစ်အဖွဲ့က ပုလောမြို့သို့ ခေါ်ဆောင်သွားပြီး အရေးယူရန်စီစဥ်နေသည်ဟု သိရကာ နောက်ဆက်တွဲအခြေအနေအား မသိရသေးကြောင်း ရွာသားများက ပြောသည်။

နစ်မြုပ်ခဲ့သည့် စက်လှေတွင် သီတင်းကျွတ်ကျောင်းပိတ်ရက်အပြီး မြိတ်သို့သွားမည့် ကျောက္ကာရွာက ကျောင်းသားများ နှင့် ပုလောဒေသ တိုက်ပွဲများကြောင့် စစ်ရှောင်လာသည့် စစ်ဘေးရှောင်များ လိုက်ပါခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။