BREAKING
November 22, 2024

မော်လမြိုင် ဆီဆိုင်မီးလောင်မှုတွင် မီးငြှိမ်းသတ်သူ ၂၀ကျော် ဒဏ်ရာရ

November 8, 2024

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုး‌ကျေးရွာ မော်လမြိုင်-မုဒုံကားလမ်း‌ဘေးရှိ မင်းသန့်စက်သုံးဆီ မီးလောင်မှုတွင် လူ ၂၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

အဆိုပါစက်သုံးဆီဆိုင်တွင် နိုဝင်ဘာလ ၇ ရက် ညနေ ၅ နာရီခန့်တွင် ဆိုင်အနောက်ဘက်ရှိ ဆီလှောင်ကန်ပေါက်ကွဲရာမှ မီးလောင်ကျွမ်းကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တို့က ပြောသည်။

ဆီဆိုင်မီးလောင်မှုကို မော်လမြိုင်၊ မုဒုံမြို့နယ်အတွင်းက မီးသတ်ဌာန၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့၏ ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် နှစ်နာရီကျော်အကြာ ည ၇ နာရီကျော်တွင် မီးထိန်းနိုင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

မီးငြှိမ်းသတ်နေချိန်တွင် ဆီဘောက်ဆာကား ထပ်မံပေါက်ကွဲသောကြောင့် မီးသတ်သမား၊ ကယ်ဆယ်ရေးသမားများ အပါအဝင် လူများ ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တို့က ပြောဆိုသည်။

ထိခိုက်ဒဏ်ရာရသူများတွင် မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦးနှင့် မင်းသန့်ဆီဆိုင်ဝန်ထမ်း နှစ်ဦး ပါဝင်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“(မီးငြှိမ်းသတ်နေရင်း) ဆီကားထပ်ပြီး ပေါက်ကွဲတဲ့အတွက် မီးသတ်သမားတွေရော၊ ကယ်ဆယ်ရေးသမားတွေရော ထိခိုက်ဒဏ်ရာရကုန်တာ။ အခြေအနေက တော်တော်ဆိုးတယ်ဗျ” ဟု လူမှုကယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသနေကြောင်းလည်း ၎င်းက ဆိုသည်။