မြိတ်မှ ရန်ကုန်သို့ အမြန်ရေယာဉ်တို့ဖြင့် နေ့ချင်းရောက် ပြေးဆွဲရန် တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိက သင်္ဘောလုပ်ငန်းရှင်များ အသင်းက စီစဉ်နေကြောင်း မြိတ်-ကျွန်းစု အမြန်ရေယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။
လတ်တလောကြုံတွေ့နေရသည့် လေယာဉ်စီးသူများပြားလာခြင်းနှင့် လက်မှတ်ဈေး အဆမတန် မြင့်တက်လာသောကြောင့် ရေကြောင်းခရီးဖြင့် ပြေးဆွဲရန်စီစဉ်နေခြင်း ဖြစ်ကြောင်း အမြန်ရေယာဉ်နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။
“လောလောဆယ် စီစဉ်နေကြတုန်းပဲသေး။ အခုပွင့်လင်းရာသီမှာ ခရီးစဉ်စမယ်ထင်တယ်။ အချိန်တိတိကျကျတော့ မကြားရသေးဘူးဗျ” ဟု အမြန်ရေယာဉ်လုပ်ငန်းတို့နှင့် နီးစပ်သူက ပြောသည်။
မြိတ်-ရန်ကုန် ကားလမ်းခရီးတွင် တိုက်ပွဲများ မကြာမကြာဖြစ်ပေါ်လာမှုကြောင့် ယခုနှစ်အတွင်းမှစပြီး လေယာဉ် စီးနင်းမှု များပြားလာပြီး လက်မှတ်တစ်စောင်လျှင် နှစ်သိန်းရှစ်သောင်းကျပ်အထိ ပေးဝယ်ယူနေရကြောင်း ခရီးသွားသူအချို့မှ သိရသည်။
“ဒါတောင် တစ်ပတ်လောက် လက်မှတ်ကြိုပြီးဝယ်ထားရတယ်” ဟု မြိတ်-ရန်ကုန် ခရီးသွားသူတစ်ဦးက ပြောသည်။
အဆိုပါ အခက်အခဲတို့အား ဖြေရှင်းနိုင်ရန် ရေကြောင်းခရီးအား ပြေးဆွဲရန် စီစဉ်ကြခြင်း ဖြစ်နိုင်ကြောင်း အမြန်ရေယာဉ်လုပ်ငန်းတို့နှင့် နီးစပ်သူက ဆက်လက်ပြောပြသည်။
“ကားလမ်းကသွားလာလို့ ခက်ခဲတဲ့အနေအထားမှာ ရွေးချယ်စရာမရှိတဲ့ လေယာဉ်တစ်ခုပဲ သွားရတယ်။ ရေလမ်းက ပြေးလာမယ်ဆိုရင်တော့ ရွေးချယ်စရာတစ်ခု တိုးလာတာပေါ့” ဟု အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
မြိတ်-ရန်ကုန်ခရီးအား အမြန်ရေယာဉ်ဖြင့် ပြေးဆွဲလာပါက ရာသီဥတုကောင်းမွန်သည့် ပွင့်လင်းရာသီတို့တွင်သာ စီးနင်းကြမည်ဖြစ်ပြီး စရိတ်စကလည်း သက်သာနိုင်ကြောင်း ၎င်းက ပြောပြသည်။
“အမြန်ရေယာဉ်နဲ့ မြိတ်-ရန်ကုန်ခရီးကို ပြေးဆွဲတာက လတ်တလောအနေအထားအရ ကောင်းတယ်လို့ပဲ ပြောလို့ရမယ်။ ဒါပေမဲ့ ရေရှည်အတွက်ပြောရမယ်ဆိုရင် ရပ်တည်ဖို့ ခက်လိမ့်မယ်ထင်မိတယ်” ဟု ခရီးသွားလုပ်ငန်းတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။
အမြန်ရေယာဉ်အတွက် လိုအပ်သည့် လောင်စာဆီဈေးနှုန်းနှင့် အထွေထွေစရိတ်စကျများ မြင့်တက်နေသည့်အတွက် ရေရှည်ရပ်တည်ရန် ခက်ခဲနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြိတ်-ရန်ကုန်ခရီးစဉ်အား အမြန်ရေယာဉ်တို့ဖြင့် နေ့ချင်းရောက် ကြာချိန် ၁၂ နာရီခန့် ရှိမည်ဖြစ်ပြီး လက်မှတ် တစ်စောင်လျှင် နှစ်သိန်းကျပ်ဝန်းကျင် ရှိနိုင်ကြောင်း အမြန်ရေယာဉ်အသိုင်းအဝိုင်းမှ သိရသည်။
ယခုကဲ့သို့ ပြေးဆွဲမည့်ကိစ္စနှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိက သင်္ဘောလုပ်ငန်းရှင်များအသင်းကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရသေးပေ။
ပြီးခဲ့သည့် ဆယ်နှစ်ကျော်က မြိတ်မှ ရန်ကုန်သို့ အမြန်ရေယာဉ်ဖြင့် ပြေးဆွဲခဲ့ဖူးကြောင်း အမြန်ရေယာဉ် အသိုင်းအဝိုင်းထံမှ သိရသည်။