BREAKING
January 13, 2025

ထားဝယ်တွင် အာလူး၊ ကြက်သွန်ဈေးမြင့်တက်

November 8, 2023

ထားဝယ်ဈေးကွက်တွင် အာလူး၊ ကြက်သွန်ဈေးများမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ကြက်သွန်နီတစ်ပိဿာ ၃၅၀ဝကျပ်၊ ကြက်သွန်ဖြူများဖြစ်သည့် ထူးလေး တစ်ပိဿာ ၉၅၀ဝကျပ်၊ ထူးငါးတစ်ပိဿာ ၁၀၀၀ဝကျပ်၊ ကြူကုတ် တစ်ပိဿာ ၈၁၀ဝကျပ်သာ ဈေးရှိသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကြက်သွန်နီတစ်ပိဿာ ၄၀၀ဝကျပ်၊ ကြက်သွန်ဖြူ ထူးလေးတစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ထူးငါးတစ်ပိဿာ ၁၄၅၀ဝကျပ်၊ ကြူကုတ် တရုတ်ကြက်သွန် တစ်ပိဿာ ၁၄၅၀ဝကျပ်အထိ မြင့်တက်လာသည်။

“မနေ့က လက်လီဈေးမှာ ကြက်သွန်နီတစ်ပိဿာ ၄၄၀၀ ကျပ်နဲ့ဝယ်လာရတယ်” ဟု ‌ထားဝယ်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

အာလူး တစ်ပိဿာလျှင် အောက်တိုဘာလ ၂၇ရက်က ၃၀၀၀ ကျပ်သာ ဈေးရှိပြီး ယနေ့တွင် ၄၀၀၀ ကျပ်ဖြစ်လာကြောင် ဈေးကွက်အတွင်းမှ သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ရှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသည်။

ကြက်သွန်ဖြူ အများဆုံးထွက်ရှိသည့် ရှမ်း‌ပြည်မြောက်ပိုင်းမှ မြန်မာပြည်အောက်ပိုင်းဒေသများသို့ တိုက်ပွဲကြောင့် ကုန်စည် စီးဆင်းမှုရပ်တန့်နေကြောင်း လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လမ်းတွေ မဖွင့်သေးဘူး။ ပိတ်ထားသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

ကုန်စီးဆင်းမှု ရပ်တန့်နေသည့်အတွက်ကြောင့် ပြည်တွင်း ကုန်စည်ဒိုင်အများစုမှာ လက်ကျန်ကုန်များကိုသာ ရောင်းချနေကြသဖြင့် ဈေးတက်လာခြင်းဖြစ်ကြောင်း ထားဝယ်ဒေသခံကုန်သည်တစ်ဦးက ဆိုသည်။

“လက်ရှိကတော့ မန္တလေးမှာ သိုထားတာရှိမယ်။ ရှမ်းတောင်ဘက်မှာ သိုထားတာရှိမယ်။ အဲဒီပစ္စည်းတွေနဲ့ပဲ လည်ပတ်နေတယ်” ဟု ၎င်းက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန်ဈေးကွက်တွင်လည်း ကြက်သွန်၊ အာလူးဈေးများ ဆက်တိုက်တက်လာသည်။

စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ နိုဝင်ဘာ ၈ရက်နေ့အတွင်း ဖြစ်ပေါ်သော ဈေးကွက်ဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာ ၃၆၀ဝကျပ်မှ ၄၅၀ဝကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၁၀၀ဝကျပ်မှ ၁၈၀၀ဝကျပ်၊ ကြူကုတ် တစ်ပိဿာ ၉၀၀၀ ကျပ်မှ ၂၀၀၀ဝကျပ်၊ အာလူး တစ်ပိဿာ ၂၈၀ဝကျပ်မှ ၄၅၀ဝကျပ်သို့ အသီးသီး ဈေးတက်သွားသည်ကို တွေ့ရသည်။