နောင်ငါးနှစ်အကြာသော် ကျွန်ုပ်တို့ အားလုံး၏ ထက်ဝက်မျှသည် မိမိတို့ လက်ရှိကျွမ်းကျင် တတ်မြောက်ထားသည့် အရာများအပြင် အခြားသော တတ်မြောက်ကျွမ်းကျင်စရာပညာရပ်များကို ထပ်မံအားဖြည့်ရန် လိုအပ်လာပေ လိမ့်မည်။
အကြောင်းမှာ ယနေ့ကြုံနေကြရသော ရောဂန္တရ ကပ်ကြီးကြောင့် စီးပွားရေးလည်ပတ်မှုများ လွန်စွာထိခိုက် ရခြင်းကြောင့်လည်းကောင်း အလိုလျောက် အလုပ်လုပ်နိုင်စွမ်းရှိသော စက်များ၏ စွမ်းရည်တိုးလာခြင်းကြောင့်လည်းကောင်း စသောအကြောင်းများက ကျွန်ုပ်တို့၏အလုပ်အကိုင်များကို ကျုံ့သွားစေနိုင်ခြင်း ကြောင့်ဖြစ်ပေသည်။
ဤခန့်မှန်းမှုမှာ ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ အနာဂတ်အတွက် အလုပ်အကိုင် မား အမည်ရအစီရင်ခံစာ တတိယအကြိမ် ပြင်ဆင်တည်းဖြတ်ပုံနှိပ်ထားသည့်မူတွင် ပါရှိသော ခန့်မှန်းတွက်ချက်မှုပင်ဖြစ်သည်။ ထိုအစီအရင်ခံစာတွင် အနာဂတ် အလုပ်အကိုင်များနှင့် ကျွမ်းကျင်စရာ ပညာရပ်များ၏ လားရာကို ပုံဖော်ထား သည့်အပြင် ဖြစ်ပေါ်လာနိုင်သော အပြောင်းအလဲများနှင့် ခရီးသွားလာမှုများ၏ ဦးတည်ရာကို ခြေရာခံခြင်းကိုလည်း ဖော်ပြထား၏။
သို့ရာတွင်ကား ကျွန်ုပ်တို့၏ အလုပ်အကိုင်များကို လုံးဝပြောင်းလဲသွားစေမည့် နည်းပညာများ၏ တိုးတက်ဖြစ် ထွန်းမှုသည်ပင်လျှင် ကျွန်ုပ်တို့အတွက် လေ့လာသင်ယူတတ်မြောက်စရာ ပညာရပ်များစွာကို ဆောင်ကြဉ်းလာနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။ ဖိုရမ်၏ ခန့်မှန်းထားချက်အရ ၂၀၅၀တွင် အလုပ် အကိုင်နေရာပေါင်း ၈၅ သန်းခန့် အလုပ်ပြောင်းရကိန်းကြုံနိုင်သည်။ လူလုပ်အားနေရာတွင် စက်စွမ်းရည်ကို အစားထိုးလိုက်နိုင်ခြင်းကြောင့်ဟု ဆိုရမည်ဖြစ်သည်။ သို့သော်လည်း အလုပ်ပြောင်းလိုက်ရသော အရေအတွက်ထက် ပိုများသော အရေအတွက်ဖြစ်သည့် အလုပ်အကိုင်ပေါင်း ၉၅ သန်းခန့် ထွက်ပေါ်လာနိုင်သည်ဟုဆိုသည်။ ထို အလုပ်များမှာလည်း လူ၏ဉာဏစွမ်း ရည်ကိုပိုသုံးကာ စက်များနှင့်ဆက်စပ် လုပ်ကိုင်ရသော အလုပ်များပို၍ဖြစ်လာ နိုင်သည်။
ဥပမာ စက်များအတွက် ပရိုဂရမ်များရေးခြင်း၊ ဆော့ဝဲလ်ဖန်တီးခြင်း မျိုးဖြစ်သည်။ ထင်ရှားသည်မှာ စက်များသည် လူတို့၏ ကာယလုပ်အားအပြင် ဉာဏလုပ်အားနေရာတွင်ပါ အစားထိုးနေရာယူလာလျက်ရှိကာ လူသားများအနေဖြင့် ဉာဏ်ပညာသုံးရသော၊ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုလုပ်ရသော နယ်ပယ်များတွင် ပို၍ ကျွမ်းကျင်မှုများ လိုအပ်လာနေခြင်းပင်ဖြစ်သည်။ အဓိကအားဖြင့် အထက်ပါ အစီရင်ခံစာပါ အချက်အလက်များအရ အားဖြည့်မွမ်းမံရမည့် နယ်ပယ်ကြီး လေးရပ်ရှိနေသည်။ ပြဿနာဖြေရှင်းခြင်း၊ မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်း၊ လူသားများနှင့်အတူချိတ် ဆက်အလုပ်လုပ်ခြင်းနှင့် နည်းပညာ အသုံးချတတ်မှု ဖွံ့ဖြိုးမှုဆိုင်ရာ နယ်ပယ်များဖြစ်ကြသည်။ ထိုနယ်ပယ်ကြီးလေးခု အတွက်လိုအပ်သော စွမ်းရည် (၁၀)မျိုး မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ပိုင်းခြားစိတ်ဖြာတွေးတော စဉ်းစားနိုင်စွမ်းနှင့် ဆန်းသစ်လုပ်ဆောင်နိုင်စွမ်း
၂။ တက်ကြွစွာ သင်ယူလေ့လာနိုင်စွမ်းနှင့် သင်ယူလေ့လာမှုနည်းနာများကိုနားလည်ခြင်း
၃။ ရှုပ်ထွေးသော ပြဿနာများကို ဖြေရှင်းနိုင်စွမ်း
၄။ ဝေဖန်ပိုင်းခြား စဉ်းစား နိုင်စွမ်းနှင့် သုံးသပ်နိုင်စွမ်း
၅။ အသစ်အဆန်းဖန်တီးနိုင်ခြင်း၊ ကိုယ်ပိုင်ဟန်နှင့်တီထွင်နိုင်စွမ်းနှင့် ဦးစီး ဦးရွက်ပြုနိုင်စွမ်း
၆။ခေါင်းဆောင်မှုစွမ်းရည်နှင့် လူမှုနယ်တွင် လွှမ်းမိုးနိုင်စွမ်း
၇။ နည်းပညာကျွမ်းကျင်ခြင်းကာ စောင့်ကြည့်လေ့လာ ထိန်းချုပ်နိုင်စွမ်း
၈။ နည်းပညာဆိုင်ရာ ဒီဇိုင်းထုတ်ခြင်းနှင့် အစီအစဉ်များရေးဆွဲနိုင်စွမ်း
၉။ ကြံ့ကြံ့ခံနိုင်စွမ်း၊ ဖိအားများကို သည်းခံနိုင်စွမ်းနှင့် ပြုလွယ် ပြင်လွယ် သင်လွယ်စွမ်း
၁၀။ ကြောင်းကျိုးဆင်ခြင်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် စိတ်ကူး ဉာဏ်များကွန်မြူးခြင်း စသည်တို့ဖြစ်သည်။
ပို၍တိုးတက်ဖြစ်ထွန်းအောင်မြင်လာသော နည်းပညာများကြောင့် နည်းပညာများနှင့် ဆက်စပ်သော အလုပ်အကိုင်များမှာ ပိုမိုများပြားလာနိုင်သလို နောင်၅ နှစ်တွင် နည်းပညာအပေါ်အခြေပြုသော အခြေအနေကြောင့် အလုပ်ပုံစံများပြောင်းလာကာ နည်းပညာနှင့် ပတ်သက်သော ကျွမ်းကျင်မှုလိုအပ်ချက်များက မြင့်နေဦးမည်ဖြစ်သည်။
ယခုအခါ လုပ်ငန်းခွင် ဝင်ဆဲဖြစ်သော အလုပ်သမားများသည်လက်ရှိ မိမိတို့ ကျွမ်းကျင်တတ်မြောက်ထားသော ပညာရပ်များ၏ ထက်ဝက်ခန့်ကို ပြန်လည်၍ မွမ်းမံအားဖြည့်ရန် လိုအပ်လာ နိုင်ပေသည်။ နောက်တစ်ခုမှာ ဉာဏစွမ်းအားအပိုင်းကို အားပြုရသော ဝေဖန်ပိုင်းခြား စဉ်းစားခြင်းနှင့် ပြဿနာ အဖြေရှာနိုင်ခြင်းကဲ့သို့သော ကျွမ်းကျင်မှုမျိုးမှာ အလုပ်ရှင်များ၏ ထိပ်တန်းလိုလားချက်ဖြစ်လာပေမည်။
ယခုနှစ်များအတွင်း အသစ်အဖြစ် ပို၍ လိုအပ်လာသော ကျွမ်းကျင်မှုများမှာမူ မိမိကိုယ်ကိုယ်စီမံခန့်ခွဲခြင်းနှင့်ဆိုင်သော အရာများဖြစ်သည့် တက်ကြွစွာ သင်ယူလေ့လာတတ်ခြင်း၊ ခံနိုင်ရည်စွမ်းအားရှိခြင်း (အခက်အခဲများကြုံလာလျှင် တောင့်ခံတတ်ခြင်း)၊ ဖိအားများကို သည်းခံနိုင်စွမ်းနှင့် အခြေအနေအရ ပြုလွယ်ပြင် လွယ်ညှိနှိုင်းလွယ်သော သဘောထားရှိ ခြင်းမျိုးဖြစ်သည်။
ကျွမ်းကျင်မှုများကို ပြန်လည်မွမ်းမံရန် ကြာချိန်
အများစုဖြစ်သော (၉၄ရာခိုင်နှုန်းခန့်) စီးပွားရေးလုပ်ငန်းရှင်ကြီးများ ယခုအခါ ခန့်မှန်းကြသည်မှာ ၆၅ ရာခိုင်နှုန်းသော အလုပ်သမားများသည် ပညာရပ်အသစ်များသင်ကြားကာ ယင်းတို့၏ ကျွမ်းကျင်မှုများကို ပြန်လည် အားဖြည့်မွမ်းမံရမည်ဟူ၍ဖြစ်သည်။
အနာဂတ်အလုပ်စစ်တမ်း၌ ဖြေဆိုသည့် အချက်အလက်များအရမူ ၄၀ ရာခိုင်နှုန်းခန့်သော အလုပ်သမားများမှာ လိုအပ်သော ပညာရပ်များကို တတ် မြောက်ကျွမ်းကျင်လာရန် ခြောက်လ သို့မဟုတ် ထိုထက်ပိုနည်းသော အချိန် အတိုင်းအတာတစ်ခုယူရမည်ဟု ဆိုသည်။ သို့ရာတွင် ကျန်းမာရေးပညာရပ်နှင့်နှီးနွယ် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင် မှုလုပ်ငန်းနယ်ပယ်များရှိ လုပ်သားများ၏ ဖြေဆိုမှုအရမူ သူတို့အဖို့ ပညာအသစ်များ လေ့လာတတ်ကျွမ်းရန် အချိန်ပို၍ (ခြောက်လထက်ပိုသော)လိုအပ်မည်ဟု ဆိုသည်။
ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍများရှိ အလုပ်သမားများမူ ခြောက်လအတွင်း ပညာရပ်တစ်ခုကို ကျွမ်းကျင်တတ်မြောက်အောင် မွမ်းမံပြင်ဆင်ရသည့်မှာအချိန်မလောက်ကြောင်းဆိုကြကာ သူတို့ လုပ်ကိုင်လျက်ရှိသော လုပ်ငန်းများ၏ သဘောသဘာဝအရ ပို၍ လက်တွေ့ ကျကျ အချိန်ယူလုပ်ဆောင်မှ ကျွမ်းကျင်မှုရခြင်းကြောင့်လည်းဖြစ်သည် ဟုဆိုကြပါသည်။ ထိုအတွက် ပြင်ဆင်သည့်အနေဖြင့် လုပ်ငန်းခွင်အတွင်း သင်တန်းများပေးရမည်ဟု အလုပ်ရှင်များ၏ ၃၉ ရာခိုင်နှုန်းခန့်ကဖြေကြသည်။ သင်တန်းများမှာ စာတွေ့ လက်တွေ့ဖြစ်နိုင်ကာ အင်တာနက် အွန်လိုင်းမှ တစ်ဆင့် ပို့ချသင်ယူစေခြင်းနှင့် ပြင်ပမှ ကျွမ်းကျင်ပညာရှင်များကို ခေါ်ကာ ပို့ချစေခြင်း မျိုးဖြစ်နိုင်မည်ဖြစ်သည်။
ယခုအခါ မကြုံစဖူးဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါကြောင့် ပညာရပ်များကို လေ့လာမှုမှာ အင်တာနက်မှတစ်ဆင့်သင်ယူ လေ့လာကြသော အခြေအနေမျိုးသို့ ပိုမိုတွန်းအားဖြစ်စေလာသည်။ ယခုအခါ လူအများစုမှာ အွန်လိုင်းမှတစ်ဆင့် ပညာရေး၊ စီးပွားရေး အခွင့်အလမ်းများစွာ ရှာဖွေရယူလျက်ရှိကြသည်မှာ ယခင်ကာလများကထက် လေးဆခန့်တိုးလာသည်ဟုဆိုပါသည်။
အလုပ်ရှင်များဘက်ကလည်း အွန်လိုင်းသင်ကြားရေး အခွင့်အလမ်းများကို အလုပ်သမားများအတွက် ပံ့ပိုးနေမှုမှာလည်း ငါးဆခန့်တိုးလာနေသလို အစိုးရ များက ဖွင့်လှစ်ပို့ချသော ပညာရပ်ဆိုင်ရာ အွန်လိုင်းသင်တန်းများတွင် တက်ရောက်ရန် စာရင်းသွင်းသူများမှာလည်း ယခင်ကထက် ကိုးဆလောက်ရှိလာ ခဲ့သည်ဟုဆိုသည်။
အထက်ပါ ကျွမ်းကျင်မှုများရှိလာ ရန်မှာ လူမှုဆက်ဆံရေးနယ်ပယ်၊ ယဉ်ကျေးမှုနှင့် အနုပညာ၊ အရောင်းအဝယ်နှင့် ဈေးကွက်ဆိုင်ရာလုပ်ငန်း အစရှိသော နယ်ပယ်များတွင် လုပ်ကိုင်လျက် ရှိသူများအဖို့ အချိန် နှစ်လသာသာခန့်သာ လိုသည်ဟုလည်းဆိုကြပါသည်။
ထုတ်ကုန်ဖွံ့ဖြိုးရေး၊ အချက်အလက်နှင့် ဉာဏ်ရည်တု နယ်ပယ်တွင် လုပ်ကိုင်နေသူများအတွက်မူ ယင်းတို့၏ ကျွမ်းကျင်မှုနယ်ပယ်များကို ချဲ့ထွင်ရန်မှာ အချိန်ကာလအားဖြင့် နှစ်လမှ သုံးလအထိသာ လိုသည်ဟုဆိုသော်လည်း အချက်အလက်များကို အွန်လိုင်းပေါ် တွင်သိမ်းဆည်းသော နည်းပညာရပ်များနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများအတွက်မူ လေးလကြာ သင်ယူလေ့လာခြင်း အစီအစဉ်များက လူများကို အထောက်အကူပြုနိုင်မည်ဟု ဆိုပါသည်။
ဒစ်ဂျစ်တယ်နည်းပညာများက ဆင့်သင်ယူလေ့လာနိုင်သည့် အခွင့်အလမ်းများစွာ တိုးတက်ရရှိလာသော်လည်း တစ်ဦးချင်းစီ၏ အချိန်ပေး လေ့လာနိုင်မှုနှင့် ထိုပညာရပ်အသစ်များ သင်ကြားရန် အတွက်ငွေကြေးလိုအပ် မည်ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။ ကိုဗစ်ကာလ အိမ်တွင်း ခိုရစဉ်ကာလအတွင်း အသိပညာ အတတ်ပညာများတိုးပွားနိုင်ကြပါစေသော်။