BREAKING
January 11, 2025

ထားဝယ်တွင် ဝက်သားတစ်ပိဿာ နှစ်သောင်းရှစ်ထောင်ကျပ်ဖြင့်ရောင်းရန် စည်ပင်နှင့် ဝက်သားဒိုင်သဘောတူ

October 8, 2024

ထားဝယ်တွင် ဝက်သားတစ်ပိဿာလျှင် နှစ်သောင်းရှစ်ထောင်ကျပ်ဖြင့် ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဝက်သားဒိုင်တို့ သဘောတူလိုက်ကြောင်း ထားဝယ်ခရိုင်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လွင်က ပြောသည်။

စက်တင်ဘာလတွင် ဝက်သားတစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ဖြစ်လာသဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဝက်ဒိုင်နှင့် ဝက်သားရောင်းသူများကို တစ်ပိဿာလျှင် နှစ်သောင်းခွဲကျပ်ဖြင့်သာ ရောင်းချရန် ပြောဆိုခဲ့သည်။

နှစ်သောင်းခွဲထက် ပိုမိုစျေးတင်ရောင်းချလျှင် ဖမ်းဆီးမည်ဆိုသဖြင့် လေလံအောင်ထားသည့် ဝက်ဒိုင်များက အောက်တိုဘာ ၂ ရက်မှ ၄ ရက်အထိ အရောင်းရပ်ဆိုင်းခဲ့ကြောင်း ဝက်သားဒိုင်လုပ်ငန်းလုပ်ကိုင်သူနှင့် ဝက်သားရောင်းချသူတို့က ဆိုသည်။

ယင်းကြောင့် ထားဝယ် ကမ်းနားဈေး၊ စည်ပင်သာယာဈေးကြီး အပါအဝင် ထားဝယ်ဈေးကွက်တွင် သုံးရက်တိတိ ဝက်သား ပြတ်လပ်သွားကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဝက်သားဒိုင်လုပ်ငန်း လုပ်ကိုင်သူတို့ကို အောက်တိုဘာ ၅ ရက်နေ့တွင် ခေါ်ယူ တွေ့ဆုံညှိနှိုင်းခဲ့ရာ တစ်ပိဿာလျှင် နှစ်သောင်းရှစ်ထောင်ကျပ်ဖြင့် ရောင်းချရန် သဘောတူခဲ့ကြကြောင်း ၎င်းတို့က ပြောဆိုသည်။

“အရောင်းရပ်သွားတာ သုံးရက်ပေါ့။ အခုပြန်ရောင်းနေတာ သုံးရက်ရှိပြီ။ အခုဝက်ဒိုင်က အသားဈေး တစ်ပိဿာကို နှစ်သောင်းခုနှစ်ထောင်ကျပ်နဲ့ ပေးတယ်။ အစ်မတို့က နှစ်သောင်းရှစ်ထောင်နဲ့ ရောင်းတယ်” ဟု ကမ်းနားဈေးတွင် ဝက်သားရောင်းသည့် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

ထားဝယ်စျေးကွက်တွင် ဝက်သားအရောင်းရပ်သွားသည့်ကိစ္စမှာ တိုင်းစစ်ကောင်စီအထိ ရောက်ရှိလာသဖြင့် နှစ်ဖက် ညှိနှိုင်း ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ ဝက်သားဒိုင် လုပ်ငန်းလုပ်ကိုင်သူလည်း ဖြစ်သူ ဦးအောင်လွင်က ဆိုသည်။

“ရပ်ထားရင်လည်း (တိုင်းစစ်ကောင်စီ) အစိုးရအဖွဲ့အနေနဲ့ ခေါင်းစားအားကြီးမှာစိုးလို့။ (ဝက်သားစျေးတက်တာက) တစ်နိုင်ငံလုံး အတိုင်းအတာဗျ” ဟု ၎င်းက ပြောဆိုသည်။

ဆွေးနွေးမှုသဘောတူညီချက်အရ ဝက်ဒိုင်တွင် အသား တစ်ပိဿလျှင် ကျပ်နှစ်သောင်းခုနစ်ထောင်၊ ဈေးကွက်တွင် နှစ်သောင်းရှစ်ထောင်ကျပ်ဖြင့်‌ ရောင်းရန်သဘောတူခဲ့ကြကြောင်း ဦးအောင်လွင်က ပြောသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ဝက်သားသတ်လိုင်စင် လေလံဆွဲရာတွင် ဝက်သားဈေးကို ၁၅၀၀၀ ကျပ်ထက် ပိုမရောင်းရ ဆိုသည့် ခံဝန်ကတိကို ဝက်ဒိုင်လုပ်ငန်းလုပ်ကိုင်သူများ လက်မှတ်ရေးထိုးထားရကြောင်း ဦးအောင်လွင်နှင့် ဝက်သားရောင်းသူ အချို့က ပြောသည်။

သို့သော် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တစ်နိုင်တပိုင် မွေးမြူရေးသမားများ မွေးမြူရေးလုပ် နိုင်ခြင်းမရှိတော့ သဖြင့် ကုန်ကြမ်းရှားပါးလာသောကြောင့် ဝက်သားဈေး တက်လာခြင်းဖြစ်ကြော်ငး ဦးအောင်လွင်က ပြောသည်။

ကုန်ကြမ်းဈေးမြင့်လာ၍ ဝက်သားဈေးမြင့်လာသော်လည်း လေလံဝင်ဆွဲချိန်က သဘောတူထားသည့် အချက်များအရ လိုင်စင်ရုပ်သိမ်းခံရမည့်အရေး၊ တရားစွဲခံရမည့်အရေးတို့ဖြစ်လာနိုင်သဖြင့် နှစ်ဦးနှစ်ဖက် သဘောတူသည့် နှုန်းထားဖြင့် ရောင်းချရန် သဘောတူညီခဲ့ရကြောင်း ဝက်ဒိုင်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

“အကုန်လုံးက သဘောတူပြီးတော့ ရောင်းပေးတာပေါ့နော်။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုယူပြီး လုပ်ကြရအောင် ဆိုတဲ့ အနေအထားနဲ့ သွားလိုက်ကြတာ” ဟု ၎င်းက ဆိုသည်။

အသားဈေးမှာ ၂၈၀၀၀ ကျပ်ရသော်လည်း ဝက်ခြေထောက်၊ ဝက်ခေါင်း၊ ဝက်နံရိုးမှာ တစ်ပိဿာလျှင် နှစ်သောင်းကျပ်သာ ရကြောင်းလည်း ၎င်းက ပြောဆိုသည်။

ကုန်ကြမ်းဈေး၊ သယ်ယူစရိတ်၊ အလုပ်သမားခ၊ လိုင်စင်ကြေး၊ စည်ပင်ခွန်များ ထည့်ပေါင်းပါက တစ်ပိဿာကို ၂၇၀၀၀ ကျပ်ဖြင့် ရောင်းချခြင်းမှာ တွက်ခြေမကိုက်ဟုလည်း ဝက်ဒိုင်လုပ်ငန်းရှင်တို့က ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဝက်သား တစ်ပိဿလျှင် ၁၅၀၀၀ ကျပ်ဝန်းကျင်သာရှိပြီး ယခု ၂၀၂၄ ခုနှစ်တွင် ၃၂၀၀၀ ကျပ်ခန့်အထိ ရောက်ရှိခဲ့သည်။