BREAKING
January 11, 2025

စစ်ဘေးရှောင်နေသည့် မောင်မယ်ရှောင်ရွာသားများ ဆီဆွမ်းလောင်းပွဲ အစဉ်အလာမပျက်ကျင်းပ

October 8, 2024

ပုံစာ - ၂၀၂၃ ခုနှစ် မောင်မယ်ရှောင်ရွာ ၈၅ ကြိမ်မြောက် ဆီဆွမ်းလောင်းပွဲ (ပုံဟောင်း)။ ဓာတ်ပုံ - မောင်မယ်ရှောင်မြင်ကွင်းစုံ

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဒေသခံများမှာ စစ်ဘေးရှောင်နေကြရသော်လည်း ဆီဆွမ်းလောင်းလှူပွဲကို အစဉ်အလာမပျက် ကျင်းပကြောင်း အဆိုပါကျေးရွာမှ စစ်ဘေးရှောင်ဒေသခံများက ပြောသည်။

မောင်မယ်ရှောင်ရွာတွင် ဆီဆွမ်းလောင်းလှူပွဲကို မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်ကတည်းက နှစ်စဉ် သီတင်းကျွတ်လဆန်း ၆ ရက်နေ့ ရောက်လျှင် စတင်ပြုလုပ်လာခဲ့ရာ နှစ်ပေါင်း ၈၆ နှစ်တိုင်တိုင် ရှိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ယခုနှစ်တွင် ဆီဆွမ်းလောင်းလှူပွဲကို ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်ဘေးရှောင်ဒေသများ၌ ပြုလုပ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“စုရပ်တစ်ခုလုပ်ပြီးတော့ စုပေးထားတယ်။ အဲဒီမှာ အကျိုးဆောင်တွေက ကားနဲ့လာသယ်ပြီး သံဃာတော်တွေကို လိုက်လှူပေးလိမ့်မယ်” ဟု မောင်မယ်ရှောင်ရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

မောင်မယ်ရှောင်ရွာတွင် ယခုနှစ် ဧပြီလကစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား နှစ်ဖက် ထိတွေ့ တိုက်ပွဲများကြောင့် ဒေသခံများ နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်။ အဆိုပါဒေသခံများက ဆီဆွမ်းလောင်းလှူပွဲကို ကျင်းပခြင်းလည်းဖြစ်သည်။

“အရင်ကဆိုရင် (ရွာထိပ်) ကနေ ဘုန်းကြီးတွေက ပရိတ်ရွတ်သွားတယ်။ ရွာသားတွေက ဆီပုံးလေးတွေကို အိမ်ရှေ့ စားပွဲပေါ်တင်ပြီး နောက်ကလိုက်နေတဲ့ ကပ္ပီယ၊ ဘုန်းကြီးတွေကို လောင်းလှူကျတာ” ဟု ‌မောင်မယ်ရှောင် ဒေသခံတစ်ဦးက ပြောဆိုသည်။

သို့သော် ကိုဗစ်ကပ်ဘေးကာလများကစပြီး သံဃာတော်များက စီတန်းလှည့်လည်ခြင်း မပြုကြတော့ဘဲ့ ကပ္ပိယများကသာ အလှူခံပြီး ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မောင်မယ်ရှောင်ဒေသခံများထံမှ သိရသည်။

ယခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မောင်မယ်ရှောင်ရွာတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီ တပ်က နေအိမ်များကို အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

သို့သော်လည်း စစ်ဘေးရှောင်များသည် အစဉ်လာမပျက် ရိုးရာဆီဆွမ်းလောင်းလှူပွဲကို စစ်ဘေးရှောင်ဒေသများတွင် ပုံစံ တစ်မျိုးဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်မောင်မယ်ရှောင်ရွာသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ဆီဆွမ်းအတွက် အစ်မ မနက်ကပဲ သွားလှူပြီးပြီ။ အစ်မအိမ်လည်း မီးလောင်ရာပါသွားပြီ။ ရွာပြန်ရင် နေစရာ အိမ်မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ လောင်းလှူပွဲတွင် ပြည်ပရောက် ဒေသခံများလည်း ပါဝင်လှူဒါန်း‌ပေးခဲ့ကြကြောင်း ၎င်းက ဆိုသည်။

အာဏာမသိမ်းမီက မောင်မယ်ရှောင်ရွာတွင် ရိုးရာဆီဆွမ်းလောင်းလှူပွဲကို ရွာအဝင်ဖြစ်သော ရန်ကင်းစေတီမှ ရွာလယ် လမ်းအတိုင်း သံဃာတော်အပါးတစ်ရာဝန်းကျင်က စီတန်းလှည့်လည်အလှူခံကြကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသအတွင်း ပွင့်လင်းရာသီအစတွင် အစောဆုံးကျင်းသည့် ဘာသာရေးပွဲတစ်ခုလည်းဖြစ်သည့်အတွက်ကြောင့် ရွာနီးအနားက ဒေသခံများကပါ လာရောက်လှူဒါန်းလေ့ရှိကြောင်း မောင်မယ်ရှောင်ဒေသခံများက ပြောသည်။