BREAKING
January 11, 2025

စစ်ကောင်စီက လောင်းလုံးရှိ ရွာခြောက်ရွာကို လမ်းပိတ်ထား၊ တစ်လခန့်ကြာလာသော်လည်း ပြန်မဖွင့်သေး

October 8, 2024

ပုံစာ ‌- ညောပြင်၊ ထောင့်နန့် ဒေသခံများ

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာနှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်ကြားမှ ကျေးရွာခြောက်ရွာကို စစ်ကောင်စီတပ်က လမ်းပိတ်ထားသည်မှာ တစ်လခန့်ရှိလာပြီဖြစ်သော်လည်း ပြန်မဖွင့်ပေးသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းကဲ့သို့ လမ်းပိတ်ထားသဖြင့် ဒေသခံများမှာ စားနပ်ရိက္ခာအခက်အခဲ၊ ကျန်းမာရေးအခက်အခဲအပြင် ကင်းမွန်ရှာရန် ပင်လယ်ထဲထွက်မရဖြစ်နေကြောင်း ဒေခံတို့က ပြောသည်။

ကျောက်နီမော်ရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ပြီးနောက် စက်တင်ဘာလ ၁၀ ရက်မှစပြီး စစ်ကောင်စီက ယင်းရွာကို ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ လမ်းပိတ်လိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပိတ်ချထားသဖြင့် ကျောက်နီမော်နှင့် ရှင်မော်ကြားတွင်ရှိသော ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ်၊ ‌ညောပြင်၊ ကျောက်မတ္တပ်၊ ကြက်လွှတ်နှင့် ထောင့်နန့် စသည့်ကျေးရွာခြောက်ရွာမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။

“အထက်ကအမိန့်မကျသေးလို့ ဒီလမ်းကိုဖွင့်ပေးလို့မရသေးဘူးဆိုပြီးပြောတယ်။ ဘုန်းကြီးတောင် ဆွမ်စားအိမ်ကိုသွားခွင့်မပေးဘူး” ဟု အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ဆိုသည်။

ပိတ်ဆို့ခံထားရသည့် ကျေးရွာများမှာ ရေလုပ်ငန်းဖြင့် အသက်မွေးကြသည့် ပင်လယ်ကျေးရွာဖြစ်ကြပြီး သီတင်းကျွတ်ကာလပြီးပါက ကင်းမွန်မီးထွန်းလှေရာသီစမည်ဖြစ်သည်။

ယခုမူ လမ်းပိတ်ဆို့ထားသဖြင့် ဒေသခံရေလုပ်သားများမှာ ကင်းမွန်မီး‌ထွန်းလှေထွက်ရန် စက်သုံးဆီ၊ ရိက္ခာများကို သယ်ယူမရဘဲဖြစ်နေကြောင်း ဒေသခံရေလုပ်သားအချို့က ဖွင့်ဟသည်။

ကျောက်နီမော်ရွာ ပျူစောထီးစခန်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်စဉ်က ပျူစောထီးအဖွဲ့ဝင် ဆယ်ဦးကျော်သေဆုံးခဲ့သဖြင့် အင်းအားနည်းသွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

သေဆုံးသွားသော ပျူစောထီးများနေရာတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တပ်စွဲထားပြီး ကျောက်နီမော်ရွာကိုလည်း ယခင်လို ဖြတ်သန်းခွင့်မပြုတော့ဘဲ ဘန်ကာများဖြင့် ပိတ်ဆို့ထားလိုက်ကြောင်း ဒေသခံတို့က ပြောသည်။

ကုန်ပစ္စည်းတင်ကားများကို ကျောက်‌နီမော်ရွာထိပ်အထိသာလာခွင့်ပြုပြီး ရွာထဲကို သုံးဘီး၊ ဘေးတွဲဆိုင်ကယ်များဖြင့် ပစ္စည်းများတစ်ဆင့်သယ်ယူနေရကြောင်း၊ ကျောက်နီမော်နှင့် ရှင်မော်ကြားက ကျေးရွာများကိုမူ သယ်ယူခွင့်မပြုကြောင်း ဒေသခံများကဆိုကြသည်။

“ကားတစ်စီး လူတစ်ယောက် ဖြတ်ခွင့်ပြုတယ်။ ဒါပေမဲ့ ပြန်ဆင်းလာရင် ဖြတ်ခွင့်မပြုတော့ဘူး။ ရွာပြင်မှာပဲနေရမယ်။ ရွာပြင်ကနေ သုံးဘီးတွေ၊ ဘေးတွဲဆိုင်ကယ်တွေနဲ့ ရွာထဲကို ပြန်သယ်ရမယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ အောက်ဖက်ကရွာတွေအတွက်ကတော့ အဲလိုမျိုးတောင် လုပ်ခွင့်မပေးဘူး” ဟု အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ပိတ်ဆို့ဖြတ်တောက်ထားသည်မှာ တစ်လခန့်ကြာမြင့်လာပြီဖြစ်သောကြောင့် ဒေသခံများမှာ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲ ဆိုးဆိုးရွာရွာကြုံတွေ့နေရကြောင်း ဒေသခံတို့က ဆိုသည်။

“အခုဆိုရင် (ထားဝယ်မြို့ပေါ်) ဆေးရုံရက်ချိန်းသွားမယ့်သူတွေ၊ ကလေးကာကွယ်ဆေးထိုး သွားမယ့်သူတွေ တော်တော်လေးကို အခက်အခဲဖြစ်နေကြတယ်။ ရွာထဲမှာလည်း စားစရာ၊ သောက်စရာတွေ ဝယ်မရဘဲဖြစ်လာပြီ” လို့ ညောပြင်ရွာက အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံတို့ကမူ ပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေး အခြေအနေအခက်အခဲဖြစ်နေကြသဖြင့် လမ်းပြန်ဖွင့်ပေးရန် မျှော်လင့်နေကြသည်။

“စစ်ကောင်ရှိတဲ့နေရာကို PDF ကတိုက်မယ်။ PDF ရှိတဲ့နေရာ စစ်ကောင်စီက တိုက်မယ်။ သူတို့လက်နက်ကိုင်အချင်းချင်းတိုက်တာကတိုက် ဘာမှမပြောလိုဘူး။ ဒါပေမဲ့ အပြစ်မရှိတဲ့ပြည်သူတွေကို လမ်းသွားလို့ရအောင် ဖြတ်ခွင့်ပေးစေချင်တယ်” လို့ အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ပြောသည်။

ပိတ်ဆို့ခံထားရသည့် ကျေးရွာများတွင် ကင်းမွန်မီးထွန်းလှေမထွက်နိုင်မည်ကိုစိုးသည့် လှေပိုင်ရှင်အချို့ကမူ သရက်ချောင်းမြို့နယ်ဖက်သို့ ပြောင်းရွေ့နေကြောင်း ဒေသခံတို့ထံမှာသိရသည်။