မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ရွာတွင် အောက်တိုဘာလ ၇ ရက် မွန်းလွဲပိုင်းက နေအိမ်ငါးလုံး မီးလောင်ပျက်စီးကြောင်း ဒေသခံများနှင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနတို့ထံမှ သိရသည်။
ကံမော်ရွာ၊ အမှတ် (၅) ရပ်ကွက်၊ ရွှေဘုံသာလမ်းတွင် မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ငါးလုံးမှာ သုံးလုံးက နည်းနည်းပါးပါးကျန်တယ်။ နှစ်လုံးက မီးထဲပါပြီး အကုန် ကုန်သွားတယ်” ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
မီးဖိုချောင်အသုံးပြုရန် ထင်းကို မီးခိုးကျပ်တိုက်ရာမှာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးစတင်လောင်ကျွမ်းသည့် နေအိမ်ကိုလည်း အရေးယူရန် စီစဥ်နေကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
Dawei Watch က တွေ့ရှိရသည့် ကံမော်ရွာ မီးလောင်မှုရုပ်သံမှတ်တမ်းတွင် နေအိမ်တစ်လုံး လုံးဝမီးစွဲနေပြီး နောက်ထပ် နေအိမ်တစ်လုံး အပေါ်ထပ်မီးစွဲနေသည်ကို မီးသတ်ကားနှင့် ရွာသားများက ငြိမ်းသတ်နိုင်ရန်ကြိုးစားနေသည်ကို တွေ့ရသည်။
အဆိုပါမီးလောင်မှုသည် မွန်းလွဲ ၂ နာရီခွဲတွင် စတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်နှင့် ရွာသားများ၏ ငြိမ်းသတ်မှုကြောင့် ညနေ ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း မြိတ်မြို့ပေါ်တွင် မီးလောင်မှုတစ်ကြိမ်နှင့် မီးလန့်မှုတစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။