ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်အဖွဲ့က အစ္စရေးဘက်ကို ရော့ကတ်ဒုံးကျည် ထောင်ချီပစ်လွှတ်တိုက်ခိုက်ပြီးနောက် အစ္စရေးဘက်ကလည်း လေကြောင်းက ပြန်လည်တိုက်ခိုက်နေရာ နှစ်ဖက် တိုက်ပွဲပြင်းထန်နေသည်။
အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းကစ၍ ဟားမတ်စ်အဖွဲ့ကနေ ရော့ကတ်ဒုံးကျည် ၅၀၀၀ ကျော်ကို စတင်ပစ်ခဲ့ပြီး မြေပြင်ကလည်း အစ္စရေးနယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ဟားမတ်စ်အဖွဲ့က နှစ်ပေါင်း ၅၀ အတွင်း ဂျူးဘာသာဝင်များ အားလပ်ရက် မနက်ခင်းတွင် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အနည်းဆုံး ၂၅၀ အထိရှိခဲ့ကာ ဒဏ်ရာရရှိသူ ၁၅၉၀ ကျော် ရှိလာခဲ့ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။
ဒုံးကျည်ပစ်လွှတ်သော ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ ကျော်သေဆုံးပြီး ၁၆၀၀ ကျော်ဒဏ်ရာရကြောင်း ပါလက်စတိုင်းအာဏာပိုင်များက ပြောသည်။






အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတာယာဟူက အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး “စစ်ဖြစ်နေပြီ” ဟု ကြေညာခဲ့သည်။
ဟားမတ်စ်အဖွဲ့က ဒုံးကျည်ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးတောင်ပိုင်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်နေခဲ့ပြီး ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အစ္စရေးဘက်က အတည်ပြုထားသည်။
ဟားမတ်စ်အဖွဲ့က ယမန်နေ့ ညပိုင်းအထိ ဒုံးကျည်များဖြင့် အဆက်မပြတ်ပစ်ခတ်နေခဲ့သည်။
အမေရိကန် အပါအဝင် နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့က အစ္စရေးနှင့်အတူ ရပ်တည်ခဲ့ပြီး ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။
အီရန်နိုင်ငံက ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကို ထောက်ခံအားပေးခဲ့ပြီး လူရာချီ ထောက်ခံကြောင်း လမ်းပေါ်တက် ဆန္ဒပြခဲ့ကြသည်။
Ref: The Guardian, AP