BREAKING
January 13, 2025

ရေဖြူ ဒေသထွက် အုန်းသီးနှင့် အုန်းသားခြောက် ယခုနှစ်ဈေးကောင်းရ

September 8, 2024

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖောင်းတောနှင့် ဇာဒီကျေးရွာအုပ်စုတို့တွင် အဓိကလုပ်ကိုင်သည့် အုန်းသီးနှင့် အုန်းသားခြောက်မှာ ဩဂုတ်လကစ၍ ဈေးကောင်းရနေကြောင်း ဒေသခံအုန်းသီးလုပ်ငန်းရှင်များထံမှ သိရသည်။

အုန်းသီးတစ်လုံးလျှင် ခြံထွက်ဈေး ကျပ်တစ်ထောင်ကျော်ဖြင့် ဝယ်ပြီး ဈေးကွက်တွင် ကျပ်နှစ်ထောင်နီးပါးအထိ စျေးရရှိကြောင်း ၎င်းတို့က ပြောသည်။

ယင်းအပြင် အုန်းသားခြောက်ဈေးကွက်သည်လည်း တစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော် ရရှိနေကြောင်း ဒေသခံအုန်းသီးလုပ်ငန်းရှင်များကဆိုသည်။

ရေဖြူဒေသထွက် အုန်းသီးများကို ဒေသတွင်းဈေးကွက်ထက် မန္တလေးဈေးကွက်သို့ တိုက်ရိုက်တင်ပို့ ဖြန့်ချိခြင်းဖြစ်ပြီး အုန်းသားခြောက်ကိုမူ ဒေသတွင်းပွဲရုံများမှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“ပြီးခဲ့တဲ့နွေရာသီတုန်းက နွေတာရှည်ပြီး အရမ်းပူခဲ့လို့ အုန်းသီးရှားပြီး ဈေးကောင်းပေးဝယ်တာ။ အုန်းသီးက တစ်ခါမှ မရဖူးတဲ့ဈေး အခုရနေတယ်။ ဝယ်ဈေးက ၁၂ဝဝ ဆိုရင် ပြန်ရောင်းဈေး ၁၆ဝဝ ကျော်နဲ့ ပြန့်ပို့တယ်။ အုန်းသီးက မန္တလေးက ဝယ်လက်တအားများတော့ ရောင်းလို့ပိုမှ အုန်းသားခြောက်ပြန်လုပ်တယ်။ အုန်းသားခြောက်လည်း ရှားလာတော့ ဈေးကောင်း ရတယ်။ သုံးဆလောက်အထိ ဈေးပိုရနေတယ်” ဟု ဖောင်းတောရွာက အုန်းသီးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

မန္တလေးသို့ တင်ပို့ရသည့် အုန်းသီးကို အခွံကြမ်းနွှာ၍ တင်ပို့ပေးရပြီး ထိုးမုန့်လုပ်ငန်းနှင့် ကွမ်းယာပစ္စည်းလုပ်ငန်းတွင် အဓိက အသုံးပြုကြောင်းလုပ်ငန်းရှင်တို့က ဆိုသည်။

အုန်းသားခြောက်ကိုမူ အုန်းဆီထုတ်လုပ်ရာတွင် အသုံးပြုပြီး ထားဝယ်ခရိုင်အတွင်းရှိ အခြားဒေသများတွင်လည်း ပွဲရုံဈေးကွက် ရှိသည်။

အုန်းသီးအလုံးလိုက် မန္တလေးသို့တိုက်ရိုက်တင်ပို့သည့် ဈေးကွက်သည် ကံပေါက်တိုက်နယ်တွင်သာရှိပြီး နဘုလယ်စသည့် ထားဝယ်ခရိုင်အတွင်းရှိ ကမ်းရိုးတန်းဒေသထွက် အုန်းသီးအချို့ကို ဒေသတွင်း မုန့်တိုက်များသို့ ရောင်းချခြင်းသာရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

အုန်းသီးဈေးကောင်းလာသည်နှင့်အမျှ ပစ္စည်းသယ်ဆောင်ခွင့်ပြုချက် မျှောစာကိုလည်း ကျပ်တစ်သိန်းကျော် ပေး၍ ဆောင်ရွက်ရကြောင်း ၎င်းတို့ကဆိုသည်။

“အရင်က အုန်းသီးက မျှောစာလွတ်တယ်။ ကွမ်းသီး၊ ရော်ဘာပြားတို့ပဲ မျှောစာလိုတယ်။ အုန်းသီးဈေးကောင်းလာတဲ့ အရင်လ (ဩဂုတ်) ကစပြီး မျှောစာလိုလာတယ်။ မျှောစာက ကားဆရာတွေပဲစီစဉ်တယ်။ မော်လမြိုင်ဂိတ်မှာ ဝင်လုပ်ရ တယ်။ မျှောစာတစ်ချပ်တစ်သိန်းနှစ်သောင်းကျတယ်။ ရောင်းသူ၊ ဝယ်သူနဲ့ ယာဉ်လိုင်းက အချိုးတူမျှခံရတယ်” ဟု ကုန်ကားသမားတစ်ဦးက ပြောသည်။

အုန်းသီးကို လေးလတစ်ကြိမ် သုံးရာသီခူးဆွတ်၍ ဒေသတွင်းအဝယ်ဒိုင်များမှတစ်ဆင့် တင်ပို့ရောင်းချရကြောင်း ဒေသခံ ဥယျာဉ်ခြံရှင်များထံမှ သိရသည်။