BREAKING
January 17, 2025

သရက်ချောင်းမြို့နယ် ပကဖအဖွဲ့တစ်ခုက ဖမ်းသွားသည့် Non CDM ဆရာမငါးဦးကိုပြန်လွှတ်

July 8, 2024

ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့(ပကဖ) ဖမ်းဆီးထားသည့် သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာအုပ်စု ဆိတ်ချောင်းရွာမှ Non CDM ဆရာမ ငါးဦးကို ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ယင်းအဖွဲ့နှင့် ဒေသခံအချို့ထံက သိရသည်။

“ပြန်လွှတ်ကုန်ပြီလို့ပြောတယ်၊ အိမ်ပြန်ရောက်ကုန်ကြပြီတဲ့” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

Non CDM ဆရာမ ၅ ဦးသည် ဆိတ်ချောင်းရွာ မူလွန်ကျောင်းတွင် စာသင်နေခြင်းမဟုတ်သော်လည်း ၎င်းတို့၏ နေအိမ်တွင် ကျူရှင်ပုံစံ၊ စာသင်ဝိုင်း စာကျက်ဝိုင်းပုံစံဖြင့် စာသင်နေသည့် စစ်ကောင်စီလက်အောက်က ပညာရေးဝန်ထမ်းများဖြစ်ကြသည်။

ဇွန်လ ၂၆ ရက်တွင် Non CDM ဆရာမငါးဦးကို ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့(ပကဖ)က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁၁ ရက်အကြာ ဇူလိုင်လ ၆ ရက်နေ့တွင် ခံဝန်ကတိလက်မှတ်ရေးထိုးပြီး ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။

“စကစ(စစ်ကောင်စီ)နဲ့ပတ်သက်တဲ့ နောက်ထပ်တိုင်ကြားမှုမျိုး ထပ်မလုပ်တော့ဘူးဆိုတာမျိုးပေါ့၊ လစာလည်းမယူတော့ဘူး CDM ဝင်မယ်ပေါ့၊ စာသင်တဲ့ကိစ္စကတော့ အရင်တုန်းက သူတို့ စကစနဲ့ချိတ်ဆက်ပြီး သင်တဲ့သင်ကြားမှုမျိုးတော့ နောက်ထပ်ရှိမှာမဟုတ်တော့ဘူး၊ သူတို့ သင်မယ်ဆိုရင်တောင် ကိုယ်ထူကိုယ်ထကျောင်းတွေမှာပဲသင်မှရမယ်။ ခံဝန်ကတိထိုးပြီးမှ နောက်ထပ် စကစနဲ့ချိတ်ဆက်ပြီး သင်မယ်ဆိုရင်တော့ သူတို့အပြစ်နဲ့သူတို့ပေါ့နော်၊ ကျွန်တော်တို့ကတော့ အဲ့ဒါတွေလဲ အမြဲတမ်းစောင့်ကြည့်နေမယ်” ဟု ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုတုတ်ကြီးက ပြောသည်။

ပြီးခဲ့သည့်နှစ်ကလည်း ကတွဲရွာမှ Non CDM ကျောင်းဆရာမတစ်ဦးကို ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့က ၇ လကြာဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ဖူးသည်။

“အဓိကတော့ တော်လှန်ရေးမှာ CDM မဝင်တဲ့သူသည် Non CDM ပေါ့၊ ကျွန်တော်ပြောချင်တာ Non CDM သည် စကစနဲ့ချိတ်ဆက်မှုရှိတယ် ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ စကစနဲ့ချိတ်ဆက်မှုရှိတဲ့လူတွေကို တားဆီးရဖို့က ကျွန်တော်တို့အလုပ်ပဲလေ။ အဲ့လိုမျိုးတော့ရှိတယ်” ဟု ကိုတုတ်ကြီးက ဆက်လက်ပြောဆိုသည်။

ဆိတ်ချောင်းရွာတွင် ဖမ်းဆီးခံရသည့် ဆရာမ ငါးဦးတွင် တစ်ဦးမှာ ကိုယ်ဝန် ၇ လခန့်ရှိသည်ဟု ဒေသခံအချို့က ပြောသည်။