BREAKING
September 19, 2024

ရေးတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

July 8, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး ဇူလိုင်လ ၇ ရက် ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယမန်နေ့ ည ၈နာရီဝန်းကျင်က မော့ကနင်းကျေးရွာ ကားဆိပ်ပိုင်းတွင်နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ဒေါ်နှင်းယုလှိုင်ဆိုသည့် အမျိုးသမီးသည် နေအိမ်တွင် ရှိနေချိန် သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် လာရောက်ကာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဒေါ်နှင်းယုလှိုင်သည် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးကြောင်း ဒေသခံတို့ကဆိုသည်။

“သေနတ်သမားတွေက နေအိမ်ထဲအထိကို ဝင်ပစ်သွားတာ။ အဲဒီအမျိုးသမီးကတော့ ပွဲချင်းပြီး သေသွားတယ်။ အဲဒီဖြစ်စဉ် ဖြစ်ပြီးတော့ စစ်တပ်တွေ ရဲတွေလာစစ်ဆေးတာမျိုး လုပ်တာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေါ်နှင်းယုလှိုင်သည် စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့တို့နှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းချနေသူ လည်း ဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုမှုရှိသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ အမျိုးသမီး ပစ်ခတ်ခံရပြီးနောက် မော့ကနင်အခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာအနီးနားတဝိုက်က ဒေသခံပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့ ထံမှ သိရသည်။

ပြည်သူများကို စစ်ဆေးစဉ် ရိုက်နှက်မှုလည်း ရှိကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။

ဒေါ်နှင်းယုလှိုင်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။