BREAKING
September 16, 2024

ထိုင်းပင်လယ်ကွေ့ အမှောင်ခြမ်းမှ မြန်မာ ငါးဖမ်းလုပ်သားများ

July 8, 2024

ငါးဖမ်းသမားအဖြစ် အလုပ်လုပ်ရသည်မှာ သေဆုံးနိုင်သည်အထိ အန္တရယ်များနိုင်သည်ကို မောင်မောင်က သိသည်။ ထို့ကြောင့် သူနှင့်အတူ ငါးဖမ်းလှေပေါ် လာလုပ်သော ညီဖြစ်သူ မောင်ချစ်မင်းသူအတွက် အမြဲစိုးရိမ်တကြည့်ကြည့်။ အကြောင်းက ညီဖြစ်သူက ရေမကူးတတ်ပေ။ နောက်ဆုံး ကြမ္မာဆိုး ကြုံတော့သည်။

“လှေပေါ်ကနေ ချော်ကျတာပေါ့နော်။ အလုပ်လုပ်ရင်းနဲ့လေ။ ချော်ကျပြီး လိုက်ဆယ်ပြီးတော့ ကြိုးစားသေးတယ်။ ဒါပေမဲ့ မမီတော့ဘူး”

လှေပေါ်တွင် အတူတူအလုပ်လုပ်ရင်း မတော်တဆဖြစ်ပြီး ရေထဲကျ သေဆုံးသွားသော အသက် ၂၁ နှစ် အရွယ် ညီလေးဖြစ်သူ ချစ်မင်းသူ၏ ဓါတ်ပုံကို ကြည့်ပြီး အစ်ကိုဖြစ်သူက မောင်မောင် (အမည်လွှဲ) က မျက်ရည်စများနှင့် ဆိုသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ညသန်းခေါင်အချိန် ၁၂ နာရီ တွင် ညီဖြစ်သူ ချစ်မင်းသူသည် အလုပ်လုပ်နေရင်း မတော်တဆဖြစ်ကာ လှေပေါ်မှ ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့သည်။

ရေတက်နေသောအချိန် လှေက လှုပ်ခါသွားသဖြင့် ချစ်မင်းသူသည် ကြိုးတန်းကို လှမ်းကိုင်သော်လည်း မမီတော့ဘဲ ရေထဲပြုတ်ကျသွားကာ ပျောက်ဆုံးသွားခဲ့သည်။

အစ်ကိုဖြစ်သူက သူဌေးလည်းဖြစ် လှေဦးစီးလည်း (လှေခေါင်းဆောင်) ဖြစ်သူကို အချိန်မီ အကြောင်းကြားခဲ့သော်လည်း တာဝန်အရ မိနစ်သုံးဆယ်ခန့်သာ ခေတ္တရှာဖွေပေးခဲ့သည်။

နောက်ပိုင်း ညီဖြစ်သူကို မတွေ့တော့သဖြင့် ဆက်မရှာတော့ဘဲ ရှာဖွေရေး ရပ်တန့်ခိုင်းခဲ့သည်။

“သူဌေးက နာရီဝက်လောက်ပဲ ရှာပေးတယ်။ ကျနော့ညီလေး ရေထဲကျပြီး ပျောက်သွားတာကို သူဂရုမစိုက်ဘူး။ လိုက်ရှာမယ်ဆို တွေ့နိုင်သေးတယ်ဗျာ ကျနော့ညီလေးကို” ဟု မောင်မောင်က ပြောရင်းငိုသည်။

ထိုအချိန်တွင် သူဌေးက ကယ်ဆယ်ရေးရဲတပ်ဖွဲ့များနှင့် ကမ်းခြေစောင့်တပ်များကို အရေးပေါ်အကူအညီတောင်းခံခြင်း မရှိခဲ့ပေ။

ဘာမှမဖြစ်ခဲ့သကဲ့သို့ ပုံမှန်အတိုင်း ရေထဲကနေ လှေပေါ်ပြန်တက် လုပ်လက်စအလုပ်များကိုသာ မြန်မြန်ပြီးအောင်လုပ်စေခဲ့သည်။

လုပ်လက်စအလုပ်များ ပြီးနောက် ဆက်မရှာပေးတော့ဘဲ တာဝန်မဲ့စွာ ကမ်းကို ပြန်ကပ်ခဲ့သည်။

“ဒါကြောင့်ပဲ ကျနော့ညီလေးကို တစ်ယောက်တည်းထားခဲ့ပြီး လက်လွှတ်လိုက်ရတယ်” ဟု မောင်မောင်က ဆိုသည်။

ပျောက်ဆုံးပြီး ၁၂ နာရီကျော်အကြာ နောက်တစ်နေ့ နေ့လယ် ၁ နာရီအချိန်မှသာ ကမ်းတစ်ဖက်ရှိ အခြားလှေဆိပ်တွင် သေဆုံးနေသော ညီလေး၏ အလောင်းကို ပြန်တွေ့ခဲ့ရကြောင်း အစ်ကိုဖြစ်သူကဆိုသည်။

ဆယ်နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သော သူ၏လှေပိုင်ရှင်က ညီလေး၏အလောင်းကို ပြန်သယ်ရန် လှေပေါ်သို့ အတင်မခံခဲ့ပေ။

အလုပ်ကြိုးစားလုပ်ကိုင်ခဲ့သော်လည်း အကူအညီလိုအပ်လာသောအချိန်တွင် အကာအကွယ် မရခဲ့သည့်အပေါ် အစ်ကိုဖြစ်သူ မောင်မောင်က နားလည်သဘောပေါက်သွားခဲ့သည်။

“ဒါက လုံးဝကို လူသားချင်းမစာနာဘူးဗျာ။ ဒီသူဌေးက အလောင်းကို တွေ့တွေ့ချင်း မဆယ်ဘူး။ ရဲကိုလည်း လုံးဝ အခေါ်မခံဘူး။ ရဲခေါ်ပေးတဲ့သူကိုတောင် ခြိမ်းခြောက်လိုက်သေးတယ်။ အမှုဖြစ်မှာကြောက်လို့ဆိုပြီး။ ဟိုဘက်ကမ်းသယ်ဖို့ အလောင်းကိုတောင် လှေပေါ် ပေးမတင်ဘူး။ ဒါကြောင့် ညီလေးအလောင်းကို ရင်ခွင်မှာကြိုးနဲ့ ချည်ပြီး လှေဝမ်းကိုဖက်ပြီး လိုက်လာခဲ့ရတယ်ဗျာ” ဟု မောင်မောင်က ပြန်ပြောပြသည်။

“ကျနော့ညီလေး အလောင်းကိုဗျာ။ ကျနော့ ရင်ခွင်ထဲပိုက်၊ ပင်လယ်ထဲမှာ မိနစ် ၃၀ ကြာအောင် လိုက်လာခဲ့ပြီးမှ အလောင်းကို ပြန်သယ်ခဲ့ရတာ” ဟု အစ်ကိုဖြစ်သူက ငိုရင်းပြောသည်။

ထိုင်းရောက် မြန်မာငါးဖမ်းသမားများ

မောင်မောင်နှင့် ချစ်မင်းသူတို့ ညီအစ်ကိုနှစ်ဦးသည် မြန်မာနိုင်ငံ ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဇာတိများဖြစ်ကြသည်။

သူတို့မိသားစုတွင် မိဘနှစ်ပါးနှင့် ညီအစ်ကိုမောင်နှ ၇ ဦး (အမျိုးသား ၃ ဦး၊အမျိုးသမီး ၄ ဦး) ရှိသည်။ အမျိုးသမီးများက ရန်ကုန်ရှိ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေကြသော်လည်း ထိုင်းဘက်က ထောက်ပံ့သလောက် ဝင်ငွေမကောင်းကြပေ။

အစ်ကိုဖြစ်သူ မောင်မောင်သည် ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင် မဲခေါင်ဆိပ်ကမ်းရှိ ခရုဆွဲသောလှေ၌ ငါးဖမ်းသမားအဖြစ် လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ကျော်ကြာခဲ့လေပြီ။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားအများစုသည် မွေးရပ်မြေနှင့် မိသားစုများကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များအဖြစ် ခိုလှုံနေခဲ့ကြရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးအခြေအနေမတည်ငြိမ်မှု၊ စီးပွားရေးအကျပ်အတည်းများနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာမှုများကြောင့် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြပြီး ၂၀၂၃ ခုနှစ်အထိ တရားဝင် မြန်မာအလုပ်သမား ၃ သန်းခန့်ရှိသည်။

ထို့ကြောင့် အထောက်အထားမရှိသေးသော အလုပ်သမားများပါ ရေတွက်ပါက မြန်မာအလုပ်သမား ၅ သန်းခန့်ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့အစည်းများက ဆိုသည်။

စစ်အာဏာရှင်နိုင်ငံမှ အရေးပေါ် ပြောင်းရွှေ့လာခဲ့ကြသော မြန်မာနိုင်ငံသား အများစုက ထိုင်းတွင် အတတ်ပညာအတိုင်း ရွေးချယ်ခွင့်မရှိကြ။ ထိုင်းနိုင်ငံသားများ မလုပ်ချင်သော အခြေခံအလုပ်များတွင်သာ လုပ်ကိုင်နေကြရသည်။

ထိုအထဲတွင် မောင်ချစ်မင်းသူတစ်ဦးလည်း အပါအဝင်ဖြစ်ပြီး ပြီးခဲ့သော ၂၀၂၃ ခုနှစ်က အစ်ကိုဖြစ်သူနှင့်အတူ ငါးဖမ်းလှေလိုက်ရန် ထိုင်းသို့ ရောက်ရှိလာခဲ့သည်။

ညီအစ်ကိုနှစ်ဦး ငါးဖမ်းလုပ်ငန်းကနေ တစ်လ ဝင်ငွေ ကျပ်သိန်း ၃၀ ကျော်ခန့်ရရှိလာခဲ့ပြီး မိဘအိမ်ကို လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ခဲ့သည်။

အသက်နှင့် အန္တရာယ်ကို အလေးမထားဘဲ ကမ္ဘာ့အန္တရာယ်အရှိဆုံးအလုပ်အဖြစ် သတ်မှတ်ထားသည့် ငါးဖမ်းသမားဘဝကို ထိုင်းရောက်မြန်မာများစွာ ရွေးချယ်လုပ်ကိုင်လာခဲ့ကြသည်။

“ကျနော်ဆိုရင် ရွာမှာလုပ်နေကြ ရိုးရာအလုပ်ကိုပဲ လုပ်ချင်လို့ (ထိုင်းမှာ) လှေလိုက်တာပဲ။ ဒီအလုပ်က ရင်းနှီးမှုရှိတဲ့အခါကျတော့ ပင်ပန်းတယ်ဆိုတာ သိပ်မသိသာဘူး။ နောက်ပြီး ဒီအလုပ်က ကျနော်တို့အတွက် သိပ်မခက်ခဲဘူးပေါ့နော်။ အဲဒီအတွက် ဝါသနာပါပြီး လုပ်ဖြစ်သွားတာပဲ့။ ရွာမှာနေတုန်းကလည်း ငါးရှာတယ် ကိုင်းထောင်တယ် ဒီငါးဖမ်းတာတွေပဲ လုပ်ကြတာ” ဟု အစ်ကိုဖြစ်သူ မောင်မောင်က ဆိုသည်။

ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်သားအများစုသည် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှဖြစ်ကြပြီး အရေအတွက်အားဖြင့် ၇၀၀၀၀ ကျော်ခန့်ရှိသည်။

၎င်းတို့အနက် မြန်မာရွှေ့ပြောင်းငါးဖမ်းလုပ်သားများက ၇၀ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့သည်။

၉၈ ရာခိုင်နှုန်းသော ငါးဖမ်းသမားများသည် ပညာရေးအားနည်းသော အမျိုးသားများဖြစ်ကြပြီး အများစုသည် မြန်မာ သို့မဟုတ် ကမ္ဘောဒီးယားနိုင်ငံရှိ ကျေးလက်ဒေသများက လာရောက်လုပ်ကိုင်သူများဖြစ်သည်ဟု နိုင်ငံတကာ ကူးသန်းပို့ဆောင်ရေးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် – ငါးဖမ်းလုပ်သားအခွင့်အရေးဆိုင်ရာ ကွန်ရက် (ITF-FRN) ၏ ၂၀၂၄ ခုနှစ်ထုတ် အစီအရင်ခံစာက ဆိုသည်။

ငါးဖမ်းသမားများသည် ရေလုပ်သားအဖြစ် အလုပ်လုပ်ခွင့်လက်မှတ် (Work permit) ၊ နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)၊ ပန်းရောင်ကတ် (Non Thai ID card)၊ လူမှုဖူလုံရေးကတ် (ပကန်စံခွန်)ကဲ့သို့သော စာရွက်စာတမ်းများ ပြုလုပ်ရသည်။

သို့သော်လည်း သက်ဆိုင်ရာ စာရွက်စာတမ်းများသည် အလုပ်သမားများ၏ လက်ထဲတွင် မိတ္တူမျှပင် မရှိကြဘဲ အလုပ်ရှင်များ သိမ်းဆည်းထားကြသည်။ ထို့ကြောင့် အလုပ်သမားအများစု မိမိကိုင်ဆောင်ထားသော တရားဝင် စာရွက်စာတမ်းအသေးစိတ်ကို မသိရှိကြကြောင်း HRDF အဖွဲ့ တာဝန်ရှိသူ မဖီးစောင် (အမည်လွှဲ) က ပြောသည်။

HRDF အဖွဲ့သည် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

အလုပ်သမားများ လှေထွက်ခါနီး သက်ဆိုင်ရာ အာဏာပိုင်များ (PIPO) လာစစ်ဆေးသောအချိန်တွင်သာ အလုပ်သမားများထံ ခေတ္တပေးအပ်ထားပြီး ကမ်းသို့ ပြန်ကပ်သော အချိန်တွင် အလုပ်ရှင်က ပြန်သိမ်းဆည်းလေ့ရှိကြောင်း HRDF အဖွဲ့က ဆိုသည်။

အလုပ်သမားများထံ စုံစမ်းမှုများအရ ထိုင်းတွင် Work Permit၊ နိုင်ငံကူးလက်မှတ်စာအုပ်များနှင့် တရားဝင် လုပ်ကိုင်နိုင်ရန် တစ်နှစ်ဗီဇာအတွက် ဘတ် ၃၀၀၀၀ ကျော်အထိ ကုန်ကျနေကြသည်။

တရားဝင် ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်ရန် တစ်နှစ် လုပ်အားခအားလုံး၏ သုံးပုံ တစ်ပုံအခန့်အထိ ကုန်ကျထားသော်လည်း ငါးဖမ်းသမားအများစု ထိုင်းအလုပ်သမားဥပဒေများအတိုင်း အခွင့်အရေး ပြည့်ပြည့်ဝဝမရကြပေ။

ချစ်မင်းသူကဲ့သို့ ပင်လယ်ထဲတွင် ရွှေ့ပြောင်းငါးဖမ်းလုပ်သားသေဆုံးမှုနှင့် ပျောက်ဆုံးမှုသည် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ၃၀၆ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အကာအကွယ်မဲ့နေသော ဘဝများ

တရားဝင် အလုပ်လုပ်ခွင့် စာရွက်စာတမ်း မရှိသေးသောအချိန် အလုပ်ရွေးချယ်ခွင့်မရှိကြသော မြန်မာနိုင်ငံသားများသည် စားဝတ်နေရေးအတွက် ငါးဖမ်းလုပ်ငန်းအပါအဝင် အခြေခံအလုပ်များကို ကြုံရာဝင်လုပ်နေကြရသည်။

တဖက်တွင်လည်း ငါးဖမ်းလုပ်ငန်းက ရွှေ့ပြောင်းအလုပ်သမားများအတွက် ကတိကဝတ်များပေး၍ ဆွဲဆောင်နေခဲ့သည်။

ငါးဖမ်းလှေပေါ်တွင် တစ်ကိုယ်တည်းသမားများအတွက် အခန်းခလည်းမကုန်၊ ဝမ်းရေးအတွက်လည်း လှေပေါ်တွင် စရိတ်ငြိမ်း လုပ်ကိုင်ရသည်က တစ်ကြောင်း ကုန်းပေါ်အလုပ်များနှင့်မတူဘဲ လှေပေါ်တွင် ဝိုင်းဝန်းစုပေါင်း၍ နေထိုင်လုပ်ကိုင်ကြရသည်။

ယင်းအကြောင်းပြချက်များကြောင့် မြန်မာအလုပ်သမားအများစု ငါးဖမ်းသမားဘဝကို ရွေးချယ်နေဆဲဖြစ်သည်။

လုပ်ငန်းခွင် အန္တရာယ်နှင့် အခက်အခဲများကို အသေးစိတ် နားလည်သဘောပေါက်ခြင်းမရှိ၊ စက်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့်မတူ လစာငွေကို တစ်လုံးတစ်ခဲတည်း ရရှိမည်ဟု မျှော်လင့်ချက်ဖြင့် ဦးစိန်ရှင် အပါအဝင် မြန်မာနိုင်ငံသားအများစု ငါးဖမ်းလှေပေါ် ရောက်လာခဲ့ကြသည်။

အသက် ၃၇ နှစ်အရွယ် ဦးစိန်ရှင်သည် ရခိုင်ပြည်နယ် မြောက်ဦးဇာတိဖြစ်ပြီး မိဘနှစ်ပါးနှင့် ညီမဖြစ်သူတစ်ဦး မြန်မာပြည်တွင် ကျန်ရစ်နေသည်။

ဇာတိမြေတွင် လယ်လုပ်သားဖြစ်သော်လည်း မိသားစုကို ထောက်ပံ့ပေးနိုင်ဖို့ လုံးဝ မလုပ်ခဲ့ဖူးသော ငါးဖမ်းလှေလုပ်သားဘဝကို လုပ်ကိုင်ရန် ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့ရကြောင်း သူက ဆိုသည်။

ထိုင်းစရောက်သည့်အချိန်တွင် ဆောက်လုပ်ရေးလုပ်သားအဖြစ် စတင်လုပ်ကိုင်ခဲ့သော်လည်း လုပ်အားခပုံမှန်မရ ဘဝအာမခံချက်မရှိခဲ့ပေ။

ထို့ကြောင့် သူက လှိုင်းမူးသည့်ဒဏ်ကိုပင် မခံနိုင်ဘဲ လကုန်တွင် လုပ်အားခ တစ်လစာ ဘတ် ၁၀၀၀၀ ကျော် မက်လုံးဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် ပါနန်းဒေသရှိ ငါးဖမ်းလှေပေါ်လိုက်၍ ငါးဖမ်းသမားဘဝကို ရွေးချယ်ခဲ့သည်။

သို့သော်လည်း ငါးရက်သာ အလုပ်လုပ်ကိုင်ပြီးနောက် လှေပေါ်မှ ပြုတ်ကျကာ လက်မောင်းအဆစ် လွဲချော်သွားခဲ့သည်။

“လှေပေါ်မှာ မနက်စောစော ပိုက်တွေဘာတွေချဖို့ဆိုပြီး သွားတာ။ အဲဒီမှာလှေပေါ်မှာရှိတဲ့ အတုံးတစ်တုံးနဲ့ ထိမိပြီး ချော်လဲပြီး လက်မောင်းအဆစ် ပြုတ်သွားတယ်။ အဲတော့ လက်က ခေါက်ပြီး ကျိုးသွားလား မသိပါဘူး။ အဲဒီမှာ ဖြစ်တာနဲ့ ချက်ချင်း ကျနော်က သတိမရှိတော့ဘဲ ဆေးရုံရောက်မှ သိလာတာပဲ” ဟု ဦးစိန်ရှင်ကဆိုသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင်ဖြစ်ခဲ့သော မတော်တဆမှုတွင် လှေဦးစီးက ကမ်းခြေစောင့်တပ်ကို လှမ်းအကြောင်းကြားသဖြင့် အကူအညီရရှိခဲ့ပြီး သူ့ကို ရှေးဦးကုသနည်းဖြင့် ကုသပေးခဲ့ကာ ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့ကြောင်း သူကဆိုသည်။

ဆေးရုံတွင် ဆေးကုသဖို့အတွက် ဦးစိန်ရှင်ကို အလုပ်ရှင်က တစ်ရက်သာ ဆေးရုံတက်ခိုင်းခဲ့ပြီး နောက်ပိုင်းသူ၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ အလုပ်ရှင်က လုံးဝတာဝန်ယူပေးမှုမရှိခဲ့ပေ။

တစ်လကျော်ကြာအထိ သူ့၏ ဆေးကုသမှုစရိတ်၊ စားဝတ်နေရေးနှင့် နစ်နာကြေးကိစ္စများအတွက် လာရောက်မမေးမြန်းခဲ့သည့်အပြင် အလုပ်ရှင်ဘက်က သူ၏ နိုင်ငံကူးလက်မှတ်ကဲ့သို့ အရေးကြီး စာရွက်စာတမ်းများကို သိမ်းထားခဲ့သေးသည်။

လက်မောင်းဒဏ်ရာကြောင့် အလုပ်ကောင်းကောင်းမလုပ်နိုင်တော့သည့်အချိန်တွင် ဦးစိန်ရှင်ကို အလုပ်ရှင်က တာဝန်မယူပေးဘဲ စွန့်ပစ်ခဲ့သည်။

“နေတဲ့အခန်းမှာ ဘေးနားက ကိုယ့်ရခိုင်သူငယ်ချင်းတွေကနေ ပြုစုထားတာ။ သူဌေးက တပြားမှ လာမပေးဘူး။ လာလဲ မကြည့်သေးဘူး။ သူများကျွေးထားလို့သာ အသက်ရှင်နေသေးတာ။” ဟု ဦးစိန်ရှင်က ဆိုသည်။

အာဏာပြ နိုင်ထက်စီးနင်းလုပ်ခံနေရ

ဦးစိန်ရှင်ဖြစ်ရပ်ကို ကြည့်ချင်းအားဖြင့် ထိုင်းအလုပ်ရှင်များက ၎င်းတို့အာဏာပါဝါများကိုသုံးပြီး မည်သည့်ပုံစံဖြင့် နိုင်ထက်စီးနင်းပြုလုပ်လေ့ရှိသည်ကို တွေ့မြင်နိုင်သည်။

ယခုဆောင်းပါရေးနေသောအချိန်အထိ ဦးစိန်ရှင်၏ လူမှုဖူလုံရေးအာမခံကတ် (ပကန်စံခွန်) ကိုလည်း သူဌေးက သိမ်းထားဆဲဖြစ်သည်။

ထို့ကြောင့် ဦးစိန်ရှင်က လျော်ကြေးရန်ပုံငွေမှ ဆေးကုသမှုစရိတ်နှင့် အလုပ်လက်မဲ့ကာလ လုပ်အားခများကို မထုတ်နိုင်သေးပေ။

ငါးဖမ်းလှေပေါ်တွင် လှေလုပ်သား ရေထဲပြုတ်ကျလျှင်ဖြစ်စေ၊ မတော်တဆမှုတစ်ခုခုဖြစ်ပါက လှေပေါ်ပါလာသော အချက်ပြမီးမှ တစ်ဆင့် ကမ်းခြေစောင့်တပ်ကို အကြောင်းကြားရပြီး အကူအညီတောင်းခံရမည်ဖြစ်သည်။

သို့မှသာ ဒဏ်ရာရရှိသူကို အရေးပေါ်ကယ်ဆယ်နိုင်မည်ဖြစ်ပြီး ထိုင်းတပ်မတော်ကတဆင့် ကမ်းခြေပို့ဆောင်ကာ အရေးပေါ်ကားဖြင့် ဆေးရုံသို့ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

အကယ်၍ ကမ်းခြေစောင့်တပ်ကို အကြောင်းမကြား အကူအညီမတောင်းခံခဲ့ပါက အချိန်မီကယ်တင်နိုင်ခြင်းမရှိဘဲ ကိုချစ်မင်းသူကဲ့သို့ အသက်ပေးလိုက်ရမည်ဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့က တာဝန်ခံ ကိုနေလင်းသူက ဆိုသည်။

“(မကြာခဏ) ငါးဖမ်းလှေတွေက ဒီနေရာမှာ ငါးဖမ်းမယ်ပြောထားရင် နေရာတစ်ခုတည်း ဖမ်းနေတာမဟုတ်ဘူး။ တခြားနယ်တွေမှာ လိုက်ဖမ်းနေတာ။ ငါးဖမ်းလို့ ဒီနေရာမှာ ဖြစ်ရင် ဒီမှာ ကယ်ဆယ်ပေးဖို့ လုံခြုံရေးတွေရှိပြီးသား။ အခြားနယ်မှာ ဖြစ်ရင်က အခြားပိုင်နက်ထဲရောက်သွားတော့ အချက်ပြမီးမပြရဲတော့ဘူး။ တရားစွဲခံရမှာလည်း ကြောက်ကြတယ်” ဟု ကိုနေလင်းသူက ဆိုသည်။

သို့သော်လည်း လှေပေါ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဦးစိန်ရှင်နှင့် သေဆုံးသွားသော ကိုချစ်မင်းသူ နှစ်ယောက်စလုံးသည် ၎င်းတို့ထည့်ဝင်ထားသော လူမှုဖူလုံရေးရန်ပုံငွေမှ တစ်ဆင့် လျော်ကြေးမရရှိခဲ့သေးပေ။

အလုပ်သမားများသည် လူမှုဖူလုံရေးအာမခံကတ်ပြားရှိပါက ထိခိုက်ဒဏ်ရာရရှိမှုများကို ဆေးရုံတွင် အခမဲ့ဆေးကုသခွင့်ရှိပြီး ကျန်းမာရေးခွင့်ရက်များအတွက် လုပ်အားခများကို ပြန်လည်ထုတ်ပိုင်ခွင့်ရှိသည်။

ယင်းရန်ပုံငွေမှ တစ်ဆင့် ငါးဖမ်းသမားများ ထိခိုက်ဒဏ်ရာရမှု၊ မသန်စွမ်းဖြစ်မှုများနှင့် သေဆုံးမှုများအတွက် လျော်ကြေးရရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း တရားမဝင် ငါးဖမ်းသမားများ အကျုံးမဝင်ပေ။

ထိခိုက်ဒဏ်ရာရရှိသူများအတွက် ကိုယ်လက်အင်္ဂါတစ်ခုခုဆုံးရှုံးခဲ့ပါက လျော်ကြေးကို လူကိုယ်တိုင် လွယ်ကူစွာ ထုတ်ယူနိုင်သော်လည်း သေဆုံးသူများအတွက် လျော်ကြေးထုတ်ယူရန်မှာ မိသားစုဝင်များ အထူးသဖြင့် မိဘနှစ်ပါး လိုအပ်ကြောင်း HRDF အဖွဲ့က ရှင်းပြသည်။

အလုပ်သမားများနှင့် မိသားစုဝင်များသည် လျော်ကြေးထုတ်ယူနိုင်ရန် ကိုယ်တိုင်မလုပ်ဆောင်နိုင်ပါက မြန်မာအဖွဲ့အစည်းများထံသို့ အကူအညီတောင်းခံရမည်ဖြစ်ပြီး လျော်ကြေးရရှိသည့်အချိန်အထိ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်သည်။

သို့သော်လည်း ဦးစိန်ရှင်ကဲ့သို့ အချို့အမှုများတွင် အလုပ်သမားများကိုယ်တိုင် လျော်ကြေးထုတ်ယူရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ အလုပ်ရှင်များက အလုပ်သမားများ၏ စာရွက်စာတမ်းများကို သိမ်းဆည်းထားခြင်းကြောင့် ဖြစ်သည်။

အလုပ်သမားများ ခြေပြတ်လက်ပြတ် ဒဏ်ရာရရှိခဲ့ပါက လူမှုဖူလုံရေးရုံးက ထုတ်ပေးလိုက်သော လျော်ကြေးငွေများကို အလုပ်ရှင်က သိမ်းထားသော စာရွက်စာတမ်းများမှ တစ်ဆင့် ထုတ်ယူခဲ့ခြင်းမျိုးလည်း ရှိခဲ့ဖူးကြောင်း HRDF အဖွဲ့ထံမှ သိရသည်။

စနစ်တကျ အကြမ်းဖက်ခံနေရမှု

ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်က ပင်လယ်စာ ပြည်ပတင်ပို့ရာတွင် ဘတ် ၂၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၄၁ သန်း) အထိ ရှိခဲ့ပြီး ကမ္ဘာဆဌမမြောက် နေရာတွင် ရပ်တည်ခဲ့ကြောင်း EJF အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုပြည်ပဝင်ငွေများတွင် ပင်လယ်ထဲရှိ အကာအကွယ်မဲ့စွာဖြင့် နှိပ်စက်ခံနေရသော ရွှေ့ပြောင်းငါးဖမ်းလုပ်သား အနည်းဆုံး ၇၀၀၀၀ ကျော်၏ လုပ်အားခ အများစုကို အမြတ်ထုတ်ထားသော ဝင်ငွေများဖြစ်နေသည်။

ထိုင်းနိုင်ငံအနေဖြင့် ငါးဖမ်းသမားများ၏ အခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပေးမည်ဟုဆိုသော အပြည်ပြည်ဆိုင်ရာ ငါးဖမ်းလုပ်ငန်းဥပဒေ ပုဒ်မ ၁၈၈ (ILO Convention 188 of Work in Fishing) ကို လွန်ခဲ့သော ၄ နှစ်ခန့်က သဘောတူထားသည်။

တဖက်တွင်လည်း နိုင်ငံတဝန်းရှိ ငါးဖမ်းလှေများပေါ်တွင် ငါးဖမ်းသမားများစွာ အခွင့်အရေး ချိုးဖောက်ခံနေရဆဲဖြစ်သည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း ပင်လယ်ထဲ ငါးဖမ်းသမားပျောက်ဆုံးမှုနှင့် သေဆုံးမှုများသည် ၃၀၀ ကျော်အထိရှိခဲ့သော်လည်း မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းခံခဲ့သည်မှာ ဆယ်ဂဏန်းသာရှိနေခဲ့ကြောင်း AAC အဖွဲ့ထံမှ သိရသည်။

ထိုအချက်ကြောင့် ရွှေ့ပြောင်းငါးဖမ်းသမားများသည် လှေပေါ်တွင် မည်မျှအထိ အသက်အန္တရာယ်ခြိမ်းခြောက်ခံရနေရသည်ကို နားလည်နိုင်ကြောင်း AAC မဟာမိတ်အဖွဲ့က တာဝန်ခံ ကိုနေလင်းသူက ထောက်ပြသည်။

“၂၀၂၃ ခုနှစ်ထဲမှာတင်ပဲ လူသေမှု၊ မတော်တဆမှု၊ ရန်ဖြစ်မှု၊ လှေပေါ်က ကန်ချခံရမှု၊ လှေထဲမှာ ကြိုးနဲ့ရိုက်မိလို့ ခြေ၊လက် ပြတ်သွားမှု ဒါမျိုးတွေ။ အဲဒီလိုအမှုက အဖွဲ့က လက်လှမ်းမှီသလောက် အမှု ၂၀ လောက်ရှိခဲ့တယ်။” ဟု သူက ဆိုသည်။

“လက်လှမ်းမမီတဲ့ အမှုတွေလည်း အများကြီးရှိတယ်။ အများစုက မတိုင်ရဲကြတာပေါ့။ သိနေရက်နဲ့ ကြောက်လို့ မတိုင်ရဲကြတာ။ အလုပ်ရှင်ကို ကြောက်ရတာတမျိုး၊ ကိုယ်တိုင် အလုပ်ပြုတ်မှာကို ကြောက်တာမျိုးပေါ့၊ အလုပ်သမားတွေကို အကြောက်တရားတွေနဲ့ ထားတာကိုး”

ယင်းဖြစ်စဉ်များကိုလည်း ထိုင်းအစိုးရနေဖြင့် ဖြေရှင်းပေးရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကလည်း တိုက်တွန်းခဲ့သည်။

လုပ်ငန်းခွင်ချိုးဖောက်မှုများသည် အလုပ်ရှင်များက ရှိရင်းစွဲဥပဒေများကို မလိုက်နာခြင်းကြောင့် ဖြစ်ပြီး ရွှေ့ပြောင်းငါးဖမ်းသမားများအပေါ် အကြောက်တရားသွင်း ဖိနှိပ်မှုများကြောင့် ပိုမိုများပြားလာနေခြင်းဖြစ်သည်။

ငါးဖမ်းသမားများ၏ လက်ထဲတွင် အလုပ်ခန့်ထားသော စာချုပ်များ တရားဝင် မရကြပေ။

နိုင်ငံကူးလက်မှတ်နှင့် ဘဏ်စာအုပ်များ၊ လူမှုဖူလုံရေးကတ်ပြားစသော စာရွက်စာတမ်းများလည်း ပေးကိုင်ဆောင်ခဲ့ခြင်းမရှိခဲ့ဘဲ လစာငွေများကို တရားဝင် ဘဏ်အကောင့်မှတဆင့် လွှဲပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ ငါးဖမ်းသမားများ၏ လစာငွေများကို ဘဏ်များမှ တစ်ဆင့် လွှဲပြောင်းပေးရမည်ဖြစ်သည်။

သို့သော်လည်း ၉၉ ဒသမ ၄ ရာခိုင်နှုန်းသာ ရွှေ့ပြောင်းငါးဖမ်းသမားများ၏ လစာများကို တရားမဝင် ပြင်ပမှ ငွေသားများ ပေးဆောင်နေကြောင်း ITF-FRN အစီရင်ခံစာက ဖော်ပြသည်။

အလုပ်သမားများသည် ပင်လယ်ရေလုပ်သားကာကွယ်စောင့်ရှောက်ရေး နည်းဥပဒေ ၂၅၅၇ အရ နှစ်စဉ် နားရက် ရက် ၃၀ ရရှိသည်ကိုလည်း ခံစားပိုင်ခွင့် မရကြပေ။

ဥပဒေအရ နားရက်များတွင် အလုပ်လုပ်ရလျှင် ပိုမှန်လုပ်အားခ၏ နှစ်ဆ ရရှိမည်ဟု သတ်မှတ်ထားသော်လည်း အလုပ်ရှင်အများစုက လိုက်နာကြခြင်းမရှိပေ။

လှေပေါ်တွင်လည်း သန့်ရှင်းရေ အလုံအလောက်မရှိခြင်း၊ ရှေးဦးသူနာပြုစုရန် ဆေးဝါးပစ္စည်းများ လုံးဝကင်းမဲ့နေခြင်းနှင့် လုံလောက်သော နားချိန်မရှိဘဲ အလုပ်ချိန်များပြားစွာ လုပ်ကိုင်နေရမှုများ ကြုံတွေ့နေကြရကြောင်း ITF-FRN အစီရင်ခံစာက ဖော်ပြထားသည်။

ယင်းကဲ့သို့ အန္တရာယ်ရှိပြီး ကျန်းမာရေးနှင့် မညီညွတ်သော လုပ်ငန်းခွင်များက လူ့အခွင့်အရေးကို ချိုးဖောက်ရုံသာမက ရှိပြီးသား အလုပ်သမားဥပဒေကိုချိုးဖောက်နေသည့်အပြင် အတင်းအကြပ် ခိုင်းစေနေမှုများအထိ ဦးတည်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးစိန်ရှင်သည် သူလုပ်ခဲ့ရသော ငါးဖမ်းသမားဘဝက မည်မျှ ပင်ပန်းကာ ခါးစည်းခံပြီး လုပ်ကိုင်ရကြောင်း ပြန်ပြောပြသည်။

“မနက် ၇ နာရီကနေ ည ၁၀ နာရီလောက်မှဝင် အလုပ်ချိန်က တအားများတယ်။ ပင်လည်း ပင်ပန်းတယ်။ လှေတစ်ခါထွက်ရင် ရက် ၂၀ လောက်ကြာတယ်။ ရက်ပြည့်မှ ကမ်းတစ်ခါပြန်ဝင်တယ်။ ရက် ၂၀ ထဲ လှေပေါ် နားရက်မရှိဘူး” ဟု ဦးစိန်ရှင်က ဆိုသည်။

မဟာချိုင်ဒေသရှိ ငါးဖမ်းသမားများနေထိုင်သော လှေဝင်းကြီးတွင် အလုပ်သမားများ ခြံဝင်းပြင်ပမထွက်နိုင်ရန် အမြဲပိတ်ထားခံကြရပြီး အလုပ်ရှင်က စာရွက်စာတမ်းများကိုလည်း အမြဲသိမ်းဆည်းထားလေ့ရှိကြောင်း သွားရောက် ကူညီခဲ့ဖူးသည့် AAC မဟာမိတ်အဖွဲ့က ပြောသည်။

“တခါတလေ အဖွဲ့တွေက အာဏာပိုင်တွေနဲ့ သွားစစ်တဲ့အခါမျိုးတွေကျ လှေလုပ်သားတွေက ကျနော်တို့ကိုသာ မပြောရဲကြတာ သူတို့ မျက်နှာမှာ ကြောက်စိတ်တွေက အထင်းသားမြင်တွေ့နေရတယ်။ ကိုယ်တွေကတော့ မြင်တာနဲ့ သိတာပေါ့။ အချို့အရာတွေက သိပေမဲ့ ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက်မှာ စိုးလို့ သက်ဆိုင်ရာကို မပြောဖြစ်ခဲ့တာမျိုးလည်း ရှိခဲ့တယ်” ဟု ကိုနေလင်းသူက ဆိုသည်။

လှေပေါ်တွင် အလုပ်သမား ရိုက်နှက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းများ ကြုံတွေ့ခဲ့ကြရပြီး နောက်ဆုံးတွင် လုပ်ငန်းခွင်က အလုပ်ထုတ်ခံရပြီး မိခင်နိုင်ငံပြန်ပို့ခံရမည့် အခြေအနေအထိ ရင်ဆိုင်ခဲ့ကြရသည်။

စနစ် တိုက်ဖျက်ချင်သူများ

မတရားမှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက် မောင်မောင်နှင့် ဦးစိန်ရှင်တို့နှစ်ဦးသည် အခွင့်အရေးအတွက် ရင်ဆိုင်တိုက်ဖျက်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။

ညီလေး မောင်ချစ်မင်းသူ သေဆုံးခဲ့မှုအတွက် လျော်ကြေးရရှိရန် အလုပ်ရှင်ဘက်က တာဝန်ယူဆောင်ရွက်ပေးမှုမရှိသဖြင့် အစ်ကိုဖြစ်သူ မောင်မောင်က AAC အဖွဲ့မှ တစ်ဆင့် အကူအညီတောင်းခံပြီး လျော်ကြေးရရှိရန် လူမှုဖူလုံရေးရုံးတွင် အမှုဖွင့်ကာ ဆောင်ရွက်နေပြီဖြစ်သည်။

ကိုချစ်မင်းသူသေဆုံးမှုအတွက် လျော်ကြေးအနည်းငယ် ဘတ်ငါးသောင်း ခန့်ဖြင့် ကြေအေးပေးပြီး အမှုကို ပိတ်ပေးရန် သူဌေးဘက်က အစ်ကိုဖြစ်သူကို ခြိမ်းခြောက်တောင်းဆိုခဲ့သေးသည်။

မြန်မာအလုပ်သမားများ၏ အားနည်းချက်ဖြစ်သော ကြောက်ရွံ့မှုကို ခုတုံးလုပ်ပြီး ခြိမ်းခြောက်ခံရသော်လည်း အစ်ကိုဖြစ်သူ မောင်မောင်က တရားဥပဒေအရ ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။

“ကျနော်တို့ သူဌေးကို တရားစွဲပြီး လျော်ကြေးရဖို့ လုပ်ဆောင်နေပြီ” ဟု မောင်မောင်က ဆိုသည်။

မောင်မောင်အကူအညီလာတောင်းသော အမှုများကဲ့သို့ လှေပေါ်တွင် အလုပ်လုပ်ရင်း သေဆုံးဒဏ်ရာရရှိခဲ့သော အမှုများကို ကူညီဖြေရှင်ပေးရန်အတွက် AAC မဟာမိတ်အဖွဲ့က အဆင်သင့်ရှိကြောင်း ဆိုသည်။

“လှေအမှုက ရှားပါးတယ်လို့ပြောလို့ရတယ်။ အထူးသဖြင့် လှေပေါ်မှာဖြစ်ပြီး ပျောက်သွားကြတာ များတာကိုး။ အလုပ်သမားတွေ လာတိုင်ရဲမှ လှေအမှုတွေက ရှိလာတာ” ဟု AAC အဖွဲ့က ကိုနေလင်းသူကဆိုသည်။

ထိုင်းနိုင်ငံ၏ ဌာနဆိုင်ရာရုံးများကလည်း ပြောင်းရွှေ့ရေလုပ်သားအမှုဖြစ်ပါက သေချာစိစစ်ဆောင်ရွက်လေ့ရှိပြီး သူ့အတွေ့အကြုံအရ အမှုအောင်မြင်မှုရာခိုင်နှုန်းမြင့်မားကြောင်း ၎င်းက ဆိုသည်။

အလုပ်ရှင်က အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများ ကြုံတွေ့လာရပါက ညီညီညွတ်ညွတ်နှင့် စည်းစည်းလုံးလုံး သက်ဆိုင်ရာ ရဲတပ်ဖွဲ့များသို့ဖြစ်စေ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ဖြစ်စေ စုပေါင်းတိုင်ကြားသင့်ကြောင်း ကိုနေလင်းသူက အကြံပြုသည်။

အထူးသဖြင့် မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်ရှိ မြန်မာအလုပ်သမားအဖွဲ့အစည်းများသို့ ဆက်သွယ်အကူအညီတောင်းခံသင့်ကြောင်း ထောက်ပြသည်။

ထိုမှတစ်ဆင့် အခွင့်အရေးချိုးဖောက်ခံရသော ပုံစံပေါ်မူတည်၍ စာရွက်စာတမ်းများနှင့် လုပ်အားခမရသည့်ကိစ္စများအတွင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးနှင့် လျော်ကြေးကိစ္စအတွက် လူမှုဖူလုံရေးရုံးများသို့ ထပ်မံအကြောင်းကြားနိုင်မည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ ဗဟုသုတနှင့် အသိပညာများ ပိုမိုရရှိလာရန်အတွက်လည်း အသိပညာပေးလုပ်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် လိုအပ်နေသည်။

အလုပ်သမားအခွင့်အရေးများနှင့် လျော်ကြေးကိစ္စများအတွက်လည်း HRDF အဖွဲ့က နှစ်စဉ် အလုပ်သမား တစ်ထောင်ကို ကွင်းဆင်းပညာပေးနေသကဲ့သို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကလည်း ဆယ်စုနှစ်များအထိ ပညာပေးလုပ်ငန်းများနှင့် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေခဲ့သည်။

အလုပ်သမားအဖွဲ့အစည်းများသာမဟုတ်ဘဲ ထိုင်းအစိုးရအနေဖြင့်လည်း အလုပ်သမားများ နားလည်လွယ်သော မိခင်ဘာသာစကားများဖြင့် သူတို့ရပိုင်ခွင့်ရှိသည်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်ပေးသင့်ကြောင်း အလုပ်သမားအဖွဲ့အစည်းများက ထောက်ပြသည်။

အလုပ်သမားများကို ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘာသာစကားက အဓိကအခက်အခဲတစ်ခုဖြစ်နေပြီး အထူးသဖြင့် အစိုးရဘက်က အလုပ်သမားများနေထိုင်ရာ နယ်ဘက်များအထိ ကွင်းဆင်းပညာပေးမှု အားနည်းနေခြင်းကြောင့်လည်း ဖြစ်သည်။

ငါးဖမ်းသမားများအပါအဝင် အလုပ်သမားများက ၎င်းတို့၏ အမှုများကို ထိုင်းအာဏာပိုင်များသို့ ဖြစ်စေ အလုပ်သမားအဖွဲ့အစည်းများကိုဖြစ်စေ သတ္တိရှိရှိ ရဲရဲဝင့်ဝင့် တိုင်ကြား ပြောကြားမှသာ ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း HRDF က အကြံပြုသည်။

“တစ်ခုခုဖြစ်လို့ အလုပ်သမားတွေက အမှုမတိုင်ကြားရင် ဘာမှ လုပ်လို့မရဘူး။ ဒီတော့ အလုပ်သမားတွေက တိုင်ဖို့ လိုအပ်တယ်။ မိသားစုဝင်တွေက သိပြီး တိုင်ကြားဖို့ လျော်ကြေးရဖို့လုပ်ရမယ်။ ဒါသူတို့ကိုယ်တိုင် တာဝန်ရှိတယ်။ ထိုင်းက သူဌေးတွေက သူတို့မှာ တာဝန်ရှိတယ်ဆိုတာမျိုး သိတတ်စိတ်နဲ့ မပေးကြတာ များတယ်” ဟု HRDF အဖွဲ့က မဖီးစောင်က ဆိုသည်။

နောက်ဆက်တွဲအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်သမားအခွင့်အရေးများစွာ ချိုးဖောက်ခံနေကြရပြီး ဆေးကုသခွင့်စရိတ်နှင့် လျော်ကြေးငွေမရရှိခဲ့သော ကိုချစ်မင်းသူနှင့် ဦးစိန်ရှင်များလည်း ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ကြရသည်။

သားဖြစ်သူ ချစ်မင်းသူ ဆုံးရှုံးရမှုအတွက်လည်း ထိုက်သင့်သော နစ်နာကြေးကို အစိုးရဥပဒေအတိုင်း ဘတ် ရှစ်သိန်းကျော်အထိ ရရှိရန် မျှော်လင့်နေမိပြီး ရရှိရန်လည်း AAC အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း မိခင်ဖြစ်သူက ဆိုသည်။

“အန်တီကတော့ ဒီကံဆိုးတဲ့ ဖြစ်ရပ်ကနေ ထိုက်သင့်တဲ့ လျော်ကြေးတော့ လိုချင်တယ်” ဟု မိခင်ဖြစ်သူက သားဖြစ်သူ ချစ်မင်းသူ၏ မှတ်ပုံတင်ကို ကိုင်လျက် ငိုကြွေးသည်။

“အန်တီက ဆုံးရှုံးသွားတော့ အရမ်းကို ယူကြုံးမရဖြစ်တယ်။ ကိုယ့်သားသမီးဆိုတော့လေ။ သူက လိမ်လည်းလိမ္မာတယ်။ မိဘနဲ့ သူ့မောင်နှမတွေကိုလဲ လုပ်ကျွေးနေတယ်။ ကိုယ့်အတွက် အားလျော့သွားသလို ခံစားရတယ်သားရယ်။ ကိုယ့်သားသမီး ဆုံးရှုံးသွားတော့ ရင်ထဲမှာ နစ်နေအောင် ခံစားရတယ်။ ဒီလိုသားမျိုး ဆုံးရှုံးခဲ့ရတာအတွက် ထိုက်သင့်တဲ့ လျော်ကြေးတစ်ခု အန်တီလိုတယ်”

မှတ်ချက်။ လုံခြုံရေးအရ တစ်ချို့သူများ၏ အမည်များကို ပြောင်းလဲသုံးစွဲထားသည်။ ဆောင်းပါးကို BEBESEA & New Naratif Fellowship အစီအစဉ်တွင် Dawei Watch သတင်းထောက်၏ ပူးပေါင်းပါဝင်မှုဖြင့် တင်ဆက်ခြင်း ဖြစ်သည်။ မူရင်း အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံး ထုတ်ဝေထားသည်ကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။