ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း ၁၂ နှစ်ပြည့် အခမ်းအနားကို ထားဝယ်ခရိုင်အတွင်း တစ်နေရာတွင် ဇူလိုင်လ ၇ ရက်က ပြုလုပ်ကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။
ဆဲဗင်းဂျူလိုင်အခမ်းအနားနှင့်အတူ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စာစောင်ဖြန့်ဝေခြင်း၊ သဝဏ်လွှာဖတ်ခြင်း၊ သမိုင်းအကြောင်းတင်ပြခြင်းနှင့် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း သမဂ္ဂထံမှ သိရသည်။
ယင်းအခမ်းအနားသို့ ဒေသခံ ၅ဝ ကျော် တက်ရောက်ခဲ့ကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
“မိခင်သမဂ္ဂရဲ့ မူဝါဒအတိုင်း ရည်ရွယ်ချက်နဲ့လုပ်ငန်းစဉ်တွေ တသွေမတိမ်းဆက်လုပ်သွားဖို့ရှိတယ်။ အခု ကျွန်တော်တို့ သမဂ္ဂက လုပ်ဆောင်နေတဲ့ နိုင်ငံရေးလမ်းစဉ် အကြမ်းမဖက်လူထုလှုပ်ရှားမှုနည်းနဲ့ ဆောင်ရွက်နေတယ်။ အထူးသဖြင့် အတွေးအခေါ် တော်လှန်ရေးအပေါ်မှာ သန္ဓေမှန်မှန်နဲ့ ဆက်လျှောက်သွားဖို့ရှိတယ်” ဟု ထားဝယ်တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုသူရသက်နောင်က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့် ထားဝယ်ခရိုင်အတွင်း ပညာ သင်ယူခွင့် ဆုံးရှုံးနေသည့်ဒေသများတွင် မြေပြင်ကျောင်းများဖွင့်၍ ပညာရေးကဏ္ဍဖြည့်ဆည်းခြင်းနှင့် လူထုအသိပညာပေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ၊ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့နှင့်အတူ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၇ ရက်တွင် ကျရောက်သည့် ၆၂ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့တွင် သရက်ချောင်းနှင့် လောင်းလုံးမြို့များတွင်လည်း ကျောင်းသားသမဂ္ဂအစုအဖွဲ့များနှင့် သပိတ်ကော်မတီများ ဦးဆောင်၍ လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသေးသည်။