BREAKING
October 18, 2024

လုပ်ငန်းခွင် ဒဏ်ရာရသော မြန်မာလုပ်သားကို ဆေးရုံတွင်ပစ်ထားခဲ့သော ထိုင်းအလုပ်ရှင် လဝကဥပဒေဖြင့် အမှုဖွင့်ခံရ

July 8, 2024

ပုံစာ - Mongkutwattana အထွေထွေဆေးရုံ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ လုပ်ငန်းခွင်ထဲ ဒဏ်ရာရခဲ့သော မြန်မာအလုပ်သမားတစ်ဦးကို ဆေးကုသစရိတ် မပေးဘဲ ဆေးရုံတွင် ပစ်ထားခဲ့သော ထိုင်းအလုပ်ရှင်ကို အလုပ်သမားခန့်ထားရေးဌာနက လဝက ဥပဒေအရ အမှုဖွင့်ထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာအလုပ်သမားသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်နေသူဖြစ်သဖြင့် အလုပ်ရှင်က ဆေးကုသစရိတ်ပေးချေရန် တာဝန်မရှိဟုဆိုကာ ဆေးရုံတွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်မြို့အနီးရှိ Mongkutwattana ဆေးရုံဘက်က ထုတ်ပြန်ထားသည်။

ဆေးကုသမှုစရိတ်ကို အလုပ်ရှင်က ချင်းချင်းတာဝန်ယူပေးဆောင်ရန် ဆေးရုံဒါရိုက်တာဖြစ်သူ Dr Rienthong Nanna က Facebook စာမျက်နှာတွင် ဇွန်လ ၅ ရက်နေ့က ထုတ်ဖော်ရေးသားခဲ့သည်။

မြန်မာအလုပ်သမားသည် အလုပ်လုပ်နေရင်း နှလုံးအနီးရှိ နံရိုးနှင့် ရင်ဝမ်းခြားကြွက်သားပြတ်ရှဒဏ်ရာဖြင့် ဆေးရုံသို့ ရောက်ရှိလာခဲ့သူဖြစ်ကြောင်း ဆေးရုံက ထုတ်ပြန်သည်။

သို့သော်လည်း ထိုင်းအလုပ်ရှင်က ဆေးကုသနေသော မြန်မာအလုပ်သမားသည် တရားမဝင်ဖြစ်သဖြင့် ၎င်းနှင့် မဆိုင်ကြောင်း တာဝန်မရှိကြောင်းသာ ငြင်းဆန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလုပ်သမား၏ ဆေးကုသမှုစရိတ်ကိုလည်း ပေးချေရန် ငြင်းဆန်ခဲ့ပြီး တာဝန်မယူပဲ ဆေးရုံတွင် ပစ်ထားခဲ့ကြောင်း ဆေးရုံဒါရိုက်တာက ဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားသည် ဆေးကုသမှုစရိတ်ပေးချေရန်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဆေးရုံဘက်က ထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်ကဲ့သို့ ထိုင်းအလုပ်ရှင်က အလုပ်သမားများကို ဆေးရုံလာတင်ပြီး တာဝန်မယူဘဲ ပစ်ထားခဲ့သည့် ဖြစ်စဉ်များ ကြုံတွေ့လာရကြောင်း ဆေးရုံဘက်က ဆိုသည်။

မြန်မာအလုပ်သမားနှင့် ဇနီးဖြစ်သူတို့သည် ထိုင်းအလုပ်ရှင်ထံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁ လခန့်ရှိပြီဖြစ်ကြောင်း ပြောဆိုထားသည်။

အလုပ်ရှင်သည် အလုပ်လုပ်ခွင့်လက်မှတ်မရှိသော ရွှေ့ပြောင်းအလုပ်သမားကို အလုပ်ခန့်ထားသည့်အတွက် လဝကဥပဒေအရ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း အလုပ်သမားခန့်ထားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် လုပ်ငန်းခွင် ဒဏ်ရာရမှုနှင့်ပတ်သက်၍လည်း ရဲတပ်ဖွဲ့ဘက်က သက်သေအထောက်အထားများကို စုစည်း၍ အလုပ်ရှင်ကို ဆက်လက် စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: Bangkok Post