BREAKING
September 7, 2024

ဖုန်းဆိုးမြေပေါ် ထွန်ယက်ကြရသူများ

July 8, 2024

အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းကောင်းများစွာဖြင့် အစပြုနေပြီဖြစ်သော မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနှင့်အတူ အလုံးစုံယိုယွင်းပျက်စီးသွားပြီဖြစ်သည်။

မြန်မာနိုင်ငံမှာ မြေဆီမြေကောင်းဖြင့် ရှင်သန်ခွင့်ရကြမည့် အခြေအနေမှသည် ဖုန်းဆိုးမြေ ဘဝရောက်ရှိသွားရပြီဖြစ်သည်။

အာဏာရှင်တစ်စု၏ ကိုယ်ကျိုးသက်သက် လုပ်ဆောင်မှုကြောင့် မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ တိုက်ပွဲများ၊ မလုံခြုံမှုများ၊ အလုပ်အကိုင်ရှားပါးမှုများ စသဖြင့် ပြည်သူများမှာ အထွေထွေအကျပ်အတည်း ဆိုက်ရောက်နေကြရသည်။

စီးပွားရေး အခွင့်အလမ်းများ လုံးဝကွယ်ပျောက်နေပြီဖြစ်ပြီး မည်သည့်သမ္မာအာဇီဝလုပ်ငန်းမျှ ရပ်တည်နိုင်ခြင်းမရှိ။ လုပ်ကိုင်၍မရနိုင်သည့် အခြေအနေကို ဆိုက်ရောက်နေသည်။
ယင်းသို့သော အခြေအနေကြောင့် တနင်္သာရီတိုင်းတွင်လည်း သမ္မာအာဇီဝ လုပ်ငန်းလုပ်ကိုင်လိုသူများမှာ ငွေထုပ်ပိုက်ပြီး အခက်ကြုံနေကြရသည်။

မြေဆီမြေသား ခန်းခြောက်နေသည့် ကျပ်တီးကုန်း ဖုန်းဆိုးမြေပေါ်တွင် ထွန်ယက်စိုက်ပျိုးရ ခက်ခဲသလို မြန်မာနိုင်ငံလို လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးမှု မရှိသော အခြေအနေတွင်လည်း မည်သည့်သမ္မာအာဇီဝ စီးပွားရေးလုပ်ငန်းမျှ လုပ်ကိုင်နိုင်မည့် အခြေအနေတွင် မရှိ။

ကိုယ်ပိုင်လုပ်ငန်း လုပ်ရန် ငွေကြေး၊ အတတ်ပညာ ရှိသူများမှာလည်း ငွေထုပ်ပိုက်ပြီး ဘာလုပ်ရမည်မသိ ဖြစ်နေရသည်။

စစ်အာဏာရှင်တစ်စု၏ ကိုယ်ကျိုးအတွက် လုပ်ဆောင်လိုက်သည့် အာဏာသိမ်းမှုမှာ လူတန်းစားမျိုးစုံအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနေပြီး တစ်နေ့တခြား ဆုတ်ယုတ်လာမည့် အခြေအနေကိုသာ ရင်ဆိုင်လာနေရသည်။ ယင်းအခြေအနေများကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“ဆိုင်ဖွင့်ဖို့လုပ်နေတဲ့အချိန်မှာပဲ စစ်မှုထမ်းဥပဒေဆိုပြီးဖြစ်လာတာ။ အဲဒီအချိန် လူတွေက ထွက်ပြေးနေကြတာဆိုတော့ ကျွန်တော်လည်း မြို့မှာ မနေရဲတော့လို့ ရွာပြန်ပြေးလာလိုက်တယ်”

အသက် ၂၆ နှစ်အရွယ် ကိုမင်းဇင်၊ သရက်ချောင်းမြို့နယ်။

DW ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်လို့သိရတယ်။ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးလဲ။

ဖြေ ။ စီးပွားရေးလုပ်ငန်းကြီးမဟုတ်ပါဘူး။ ဓာတ်ပုံဆိုင်ဖွင့်မလို့ပါခင်ဗျား။ သင်တန်းပြီးတော့ ဆရာ (ဓာတ်ပုံသင်တန်းဆရာ) က ကိုယ်ပိုင်ဆိုင်လုပ်ချင်လုပ်၊ သူ့ဆီမှာ (လခစား) လုပ်ချင်လုပ်ဆိုပြီးပြောတော့ ကိုယ်ပိုင်ဆိုင်ပဲ လုပ်မယ်ဆိုပြီး စီစဉ်ဖြစ်တာပါ။

DW ။ အခုရော ဘယ်လိုအခြေအနေရှိလဲ။ လုပ်ငန်းစနေပြီလား အဲဒါလေးပြောပြပေးပါ။

ဖြေ ။ ဆိုင်ဖွင့်ဖို့လုပ်နေတဲ့အချိန်မှာပဲ စစ်မှုထမ်းဥပဒေဆိုပြီးဖြစ်လာတာ။ အဲဒီအချိန် လူတွေက ထွက်ပြေးနေကြတာဆိုတော့ ကျွန်တော်လည်း မြို့မှာ မနေရဲတော့လို့ ရွာပြန်ပြေးလာလိုက်တယ်။ ကင်မရာတွေကိုတော့ ထားဝယ်က အခန်းမှာပဲ ပိတ်ထားခဲ့တာ အခုထိပဲ။ အလုပ်လည်း မလုပ်ဖြစ်တော့ဘူးခင်‌ဗျား။

DW ။ အရင်းအနှီးတွေ ဆုံးရှုံးကုန်မှာပေါ့။ ဘယ်လောက်ဆုံးရှုံးသွားလဲ။

ဖြေ ။ ဆုံးရှုံးတယ်လို့တော့ မဟုတ်ဘူးပေါ့ခင်ဗျား။ ပိုက်ဆံသေဖြစ်သွားတာပေါ့။ ကင်မရာတွေကျန်နေတာကိုး။ အရင်းအနှီးကတော့ အားလုံးဆို (ကျပ်သိန်း) တစ်ရာကျော်မယ်ထင်တယ်။ ကျွန်တော်ကိုယ်ပိုင်က သိန်းသုံးဆယ်ပါတယ်။ ကျန်တာကတော့ အိမ်ကပေးတာခင်‌ဗျား။

DW ။ ကိုယ်လုပ်ချင်တဲ့အလုပ် မလုပ်ရတဲ့အပေါ်၊ ပြီးတော့ပိုက်ဆံတွေ ငွေသေဖြစ်သွားတဲ့အပေါ် စိတ်ထဲဘယ်လိုဖြစ်မိလဲ။

ဖြေ ။ စိတ်ထဲမှာမကောင်းဘူးပေါ့ခင်ဗျား။ ဘယ်လိုမကောင်းတာလဲဆိုတော့ ကိုယ်ဝါသနာပါတဲ့အလုပ် လုပ်ခွင့်မရဘူးပေါ့။ နိုင်ငံရေးအခြေအနေသာ အရင်တုန်းကလိုမျိုးဆိုရင် လုပ်လို့ရတယ်ပေါ့။ အခုက နိုင်ငံရေးအခြေအနေကြောင့် အဲဒီလိုဖြစ်သွားတာ။ ပိုက်ဆံကိစ္စကတော့ အိမ်ကဘာမှမပြောဘူးခင်ဗျား။

DW ။ ကိုယ်ပိုင်စီးပွားရေး မလုပ်ဖြစ်တော့ အခုဘာလုပ်နေလဲ။

ဖြေ ။ အခုတော့ ဘာမှတိတိကျကျမရှိဘူး။ တစ်ခါတလေ သူငယ်ချင်းတွေကို ဓာတ်ပုံလိုက်ရိုက်ပေးတယ်။ ဆရာက သူ့မှာ အလုပ်ရှိတဲ့အချိန် ခေါ်ရင်လိုက်တယ်။ အဲဒီလောက်ပဲခင်ဗျား။ ဓာတ်ပုံနဲ့ပတ်သက်ပြီးဝောာ့ အဲဒီလောက်ပဲလုပ်ဖြစ်တယ်။ ကျန်တာကတော့ အိမ်ကခိုင်းတာ လုပ်တာပေါ့။

DW ။ ကိုယ့်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အခွင့်အရေးရှိသားနဲ့ မလုပ်ရတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ အဓိကကတော့ နိုင်ငံရေး။ နိုင်ငံရေးကြောင့် အခုလိုမျိုး ကိုယ်လုပ်ချင်တာ လုပ်မရဘဲဖြစ်နေတာ။ နိုင်ငံရေးသာ ကောင်းနေရင် ဒီလိုဖြစ်စရာအကြောင်းမရှိဘူးလို့ ထင်တယ်။

DW ။ ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

“ဘာလုပ်လို့ လုပ်ရမှန်း မသိသေးဘူး။ ရှိသမျှဆွေမျိုးသားချင်းတွေလည်းကုန်ပြီ လိုက်တိုင်ပင်နေတာ”

အသက် ၃၈ နှစ်အရွယ် ဒေါ်စုစုငြိမ်း၊ လောင်းလုံးမြို့နယ်။

DW ။ အစ်မက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ စီစဉ်နေတာဆိုတော့ ဘာလုပ်ငန်းလဲ။ ဘယ်တော့လုပ်မှာလဲ။

ဖြေ ။ ဘာလုပ်မယ်လို့ တိတိကျကျမရှိသေးဘူး။ လုပ်ချင်တာကတော့ စားသောက်ဆိုင်။ ဒါပေမဲ့ ထားဝယ်မှာက စားသောက်ဆိုင်တွေက အများကြီးရှိနေပြီ။ ကိုယ်ကအခုမှ ထလုပ်မှာဆိုတော့ သူများနဲ့မတူအောင် လုပ်မှရတော့မယ်။ အခုက နိုင်ငံရေးအခြေအနေကလည်း ကောင်းတာမဟုတ်ဘူးဆိုတော့ စလုပ်ဖို့ မရဲဘူးဖြစ်နေတယ်။ အဲဒါကြောင့် အရင်းအနှီး နည်းနည်းနဲ့ လုပ်လို့ရတဲ့ ဘယ်စီးပွားရေးဖြစ်ဖြစ် လုပ်ရင်ကောင်းမလဲ လေ့လာနေတာ။

DW ။ အရင်းနှီးရှိရဲ့သားနဲ့ နိုင်ငံရေးအခြေအနေကြောင့် စလုပ်ဖို့ မရဲဘဲဖြစ်နေတာပေါ့။

ဖြေ ။ အရင်းအနှီးရှိတယ်ဆိုပေမယ့် ရှိသမျှအကုန်ပုံအောပြီး မလုပ်ရဲဘူးလေ။ ဘယ်အချိန် ဘာဖြစ်ပြီးတော့ ပြေးရလွှားရမလဲ တပ်အပ်ပြောလို့ မရနိုင်တဲ့အခြေအနေ။ အဲဒါကြောင့် ဟိုဟာကောင်းကောင်းနိုးနိုး၊ ဒီဟာကောင်းနိုးနိုးနဲ့ လျှောက်စဉ်းစားနေတာ။ အခုဆို တစ်နှစ်ကျော်ပြီ။ ထိုင်းကထွက်လာကတည်းက ကိုယ်ပိုင်အလုပ်လေးတစ်ခုလုပ်မယ်ဆိုပြီး ထွက်လာတာ။ အခုတစ်နှစ်ကျော်တဲ့အထိ အကောင်အထည်မဖော်နိုင်သေးတာနဲ့ ယောက်ျားကို မလေးထဲပြန်လွှတ်လိုက်ရတယ်။ ဒီမှာကျွန်မနေရစ်ပြီး လေ့လာထားမယ်။ အလုပ်လုပ်ဖြစ်မှ ပြန်လာဆိုပြီး။ အဲဒီလိုမဟုတ်ရင် နှစ်ယောက်စလုံးအချိန်ဖြုန်းသလို ဖြစ်နေမှာလေ။

DW ။ မလေးရှားမှာအလုပ်လုပ်ပြီး ပိုက်ဆံစုပြီး ဒီမှာအလုပ်လုပ်မလို့ပြန်လာကြတာလား။

ဖြေ ။ ဟုတ်တယ်။ မလေးရှားမှာချည်း ဆယ်နှစ်ကျော်ပြီ။ သွားလိုက်ပြန်လိုက်နဲ့။ ဟိုမှာလည်း စားသောက်ဆိုင်ပဲ လုပ်တာဆိုတော့ ကိုယ်ကအဲဒါပဲကျွမ်းကျင်တာလေ။

DW ။ သူများတွေက ဒီမှာအဆင်မပြေလို့ နိုင်ငံခြားထွက်ပြေးနေတဲ့အချိန် အစ်မတို့က ပြန်လာတာဆိုတော့ ဒီကအခြေအနေတွေ မသိလို့လား။

ဖြေ ။ သိတော့သိတယ်။ ဒါပေမဲ့ မိသားစုကိစ္စလည်းရှိတော့ မပြန်မဖြစ်မလို့ပြန်လာတာလည်း ပါတယ်။ ဒီကိုရောက်တော့ ဒီအတိုင်းထိုင်စားနေတာထက်စာရင် တစ်လတစ်သိန်းပဲရရ၊ နှစ်သိန်းပဲရရ တစ်ခုခုတော့လုပ်မှ ရမယ်လေ။ အခုခေတ်ကလည်း အလုပ်‌သေးသေးလေး တစ်ခုခုလုပ်ဖို့ကို အရင်းအနှီးကလည်းအရမ်းကြီးတယ်။ စဉ်းစားလို့ကိုမရဲဘူး။

DW ။ ကိုယ့်မှာအရင်းအနှီးရှိပေမယ့် စီးပွားရေးလုပ်မရဘဲဖြစ်နေတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ စိတ်ညစ်တာပေါ့။ ကိုယ်ကအလုပ်တစ်ခုခု မလုပ်ရရင် မနေတတ်ဘူး။ နောက်ဆုံးကြံရာမရဖြစ်ပြီး အင်တာနက်ကနေ စီးပွားရေးလုပ်လို့ရတဲ့လုပ်ငန်း (Trading လုပ်ငန်း) တစ်ခုမှာတောင် ရင်းနှီးလုပ်လိုက်သေးတယ်။ အဲဒီမှာလည်း ဆယ်သိန်းရင်းရင် တစ်လ သုံးသိန်းရမယ်ဆိုလို့ ထည့်လိုက်တာ။ သိန်းသုံးဆယ်လောက်ရှိတယ်။ ကုန်ဈေးနှုန်းကလည်းကြီး သားသမီးတွေပညာရေးကရှိသေးတာဆိုတော့ ဒီအတိုင်းထိုင်စားနေရင် ရှိတာအကုန်ပြောင်သွားမယ်လေ။ အဲဒါကြောင့် စီးပွားရေးတစ်ခုခုတော့ အရမ်းလုပ်ချင်နေတာ။

DW ။ အခုဘာဆက်လုပ်မယ် စိတ်ကူးထားလဲ။

ဖြေ ။ မသိသေးဘူး။ အခုထိလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိသေးဘူး။ ရှိသမျှဆွေမျိုးသားချင်းတွေလည်းကုန်ပြီ လိုက်တိုင်ပင်နေတာ။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

“နိုင်ငံရေးကောင်းလာရင် ကိုယ်လုပ်ချင်တဲ့အလုပ်လုပ်ကို ကြိုးကြိုးစားစားလုပ်ရင် အောင်မြင်မယ်။ နိုင်ငံရေးမကောင်းရင်တော့ ကြိုးစားဖို့အခွင့်အရေးတောင်မရှိဘူး”

အသက် ၃၄နှစ်ရှိ အမျိုးသားတစ်ဦး၊ ထားဝယ်မြို့နယ်။

DW ။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုလုပ်မယ်လို့သိရတယ်။ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးလဲ။

ဖြေ ။ အစကတော့ ကားဆွဲမယ်ဆိုပြီးလုပ်ထားတာ။ စီးလုံးငှားကား ဘုရားဖူးတွေဘာတွေသွားရင် လိုက်မယ်ပေါ့။ အဲဒီလိုကြံထားတာ။ ကားလည်းဝယ်ပြီးသွားပြီ။ နိုင်ငံရေးတွေကြောင့် မလုပ်ဖြစ်တော့ဘူး။ ကိုယ့်ကားက မှန်လုံကားဆိုတော့ ရပ်ဝေးကို ဘုရားဖူးသွားမယ့်သူတွေလောက်ပဲ ငှားကြတာ။ ဟိုနား၊ ဒီနား သွားဖို့ကိုဆို မငှားကြဘူး။ လူပါနည်းတာကိုး။ လူပါများတဲ့ ဟိုက်ဂျက်ကားတွေပဲ ငှားတာများကြတယ်လေ။

DW ။ အဲဒါဆို အခုဘာလုပ်နေလဲ။

ဖြေ ။ ကားလည်းမဆွဲရတော့ဘူးဆိုတော့ ရောင်းပစ်မယ်ဆိုပြီး လိုက်စပ်နေတယ်။ ဝယ်ထားတုန်းက သိန်း ၂၅၀ နဲ့။ အခုကိုယ့်လက်ထဲမှာ လေးငါးနှစ်ထားထားပြီး ပြန်ရောင်းတော့ ၂၀၀ ပဲပေးကြတယ်။ ကိုယ်လည်းနိုင်ငံရေး တစ်နှစ်ကောင်းနိုးနိုး၊ ကောင်းနိုးနိုးနဲ့ မရောင်းဖြစ်ပဲထားထားတာ။ အခုက လူတွေက ကားမငှားကြတော့ဘူး၊ သုံးဘီးတွေပဲ ခေတ်စားနေတာဆိုတော့ ကားရောင်းပြီး သုံးဘီးပဲဝယ်မလား စဉ်းစားနေတယ်။ ရောင်းလိုက်ရင်လည်း သုံးဘီးတစ်စီးစာပဲ ရတော့မှာ။ အဲဒါတောင် အသစ် မဟုတ်သေးဘူး။ အသစ်ဆို (ကျပ်သိန်း) ၂၅၀ လောက်ရှိတယ်။ ကားတစ်စီးရောင်းတာ သုံးဘီးတစ်စီးစာပဲ ပြန်ရတဲ့ခေတ်ဖြစ်သွားပြီ။ ကိုယ်က အကြီးကြီးမှန်းပြီးလုပ်တာ။ စဝယ်တုန်းကတော့ ကိုဗစ်က သက်သာနေပြီ ပြန်ပြီးသွားလို့လာလို့ရတော့မယ်ဆိုပြီး ပြောကြလို့ဝယ်လိုက်တာ။ အဲဒါပြီး နိုင်ငံရေးတွေထဖြစ်တော့တာပဲ။ အဲဒီကတည်းက ဘာမှလုပ်မရဘဲဖြစ်နေတာ အခုထိပဲ။

DW ။ ကိုယ့်မှာ အလုပ်လုပ်ဖို့ အရင်းအနှီးနဲ့ ပစ္စည်းတွေရှိနေပေမယ့် မလုပ်နိုင်တဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ စစချင်းတုန်းကဆို တော်တော်လေးကိုစိတ်ထိခိုက်ရတယ်။ ရှိသမျှပိုက်ဆံနဲ့ ကားဝယ်ပစ်လိုက်ပြီးမှ နိုင်ငံရေးတွေ ထဖြစ်တာဆိုတော့ ဘယ်လိုမှကို စိတ်ထဲမှာ အဆင်မပြေဘူး။ နိုင်ငံရေးလည်းအခုထိလောက် ကြာမယ်လို့လည်း မထင်ထားဘူး။ အဆင်ပြေသွားလိမ့်မယ်ပဲ ထင်တာ။ (ဘုရားဖူးကား) ကားဆွဲတဲ့အလုပ်ကလည်း နိုင်ငံရေးမကောင်းဘဲ ဘယ်လိုမှ လုပ်လို့ရမှာမဟုတ်ဘူးလေ။ အခုက ကားရောင်းပစ်ရလည်းခက်ခက်၊ မရောင်းပစ်ပဲထားရင်လည်းခက်ခက်ဖြစ်နေတယ်။ မရောင်းရင်လည်း နောက်ထပ်အလုပ်လုပ်ဖို့ ပိုက်ဆံမရှိဘူး။ ရောင်းပစ်ရင်လည်း သုံးဘီးတစ်စီးစာပဲရတော့မှာ။ တော်တော်လေးစဉ်းစားရခက်နေတယ်အခု။

DW ။ ရှေ့ဆက်ဘာလုပ်မယ်စိတ်ကူးထားလဲ။ သုံးဘီးဆွဲမှာလား။

ဖြေ ။ အခုလောလောဆယ် ဘာလုပ်ရမှန်း မသိသေးဘူး။ သုံးဘီးကလည်း တော်တော်များများမှာရှိနေကြပြီ။ အမှန်တိုင်းပြောရရင် သုံးဘီးလည်း မဆွဲချင်ဘူး။ ကိုယ်ကအကြီးကြီးမှန်းထားပြီးမှ သုံးဘီးဆွဲရမှာ ရှက်သလိုလိုဖြစ်နေတယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ အဖြေကတော့ နိုင်ငံရေးပဲ။ နိုင်ငံရေးကောင်းလာရင် ကိုယ်လုပ်ချင်တဲ့အလုပ်လုပ်ကို ကြိုးကြိုးစားစားလုပ်ရင် အောင်မြင်မယ်။ နိုင်ငံရေးမကောင်းရင်တော့ ကြိုးစားဖို့အခွင့်အရေးတောင်မရှိဘူး။ နိုင်ငံရေးမြန်မြန်ကောင်းလာဖို့ကိုပဲပြောချင်တယ်။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။