BREAKING
January 11, 2025

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပိတ်ဆို့ထိုးစစ်ဆင်နေပြီး သံတွဲမြို့သိမ်းတိုက်ပွဲအပြင်းထန်ဆုံးရောက်နေဟု AA ပြော

July 8, 2024

ရခိုင်ပြည်နယ် အမ်းမြို့တွင်အခြေစိုက်သည့် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ကာ ထိုးစစ်ဆင်နေပြီး သံတွဲမြို့သိမ်းတိုက်ပွဲမှာလည်း အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအချိန်ဖြစ်နေကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

သံတွဲလေဆိပ်နှင့် သံတွဲအခြေစိုက် ခြေမြန်တပ်ရင်း ၅၆၆၊ အမ်းမြို့ရှိ တောဟိန်းတောင်ဗျူဟာ၊ မောင်တောမြို့နယ်ရှိ အမှတ် (၂) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ) တို့ကို သိမ်းယူထိန်းချုပ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်တွင် တပ်ရင်း၊ ဗျူဟာ၊ စကခ (၅) ဌာနချုပ်၊ နခခ စခန်းများ၊ နပခဌာနချုပ်များအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း AA က ဆိုသည်။ စကခ (၅) တောင်ကုတ်ဌာနချုပ်၊ စစ်တွေ (ဒကစ) ဌာနချုပ်နှင့် ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ ရေတပ်ဌာနချုပ်တို့ကို ဖြတ်တောက်ပိတ်ဆို့ပြီး စခန်းအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းလည်း ဖော်ပြသည်။

အနောက်ပိုင်းစစ်ဌာနချုပ်ရှိသည့် အမ်းမြို့နယ်တွင် စစ်ရေးအရ အရေးပါသည့် ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်းကြီး ဖြစ်သည့် တောဟိန်းတောင်ဗျူဟာကို နှစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇွန်လ ၂၃ ရက်တွင် သိမ်းယူနိုင်ခဲ့ ကြောင်း AA က ထုတ်ပြန်သည်။

ယင်းဗျူဟာကုန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများစွာ၊ စစ်လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိပြီး AA ကလည်း ထိခိုက်သေဆုံးမှုများရှိကြောင်း ဆိုသည်။

ဗျူဟာကုန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်နေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဖော်ပြသည်။

ဧပြီလ ၁၃ ရက်တွင် စတင်ခဲ့သည့် သံတွဲမြို့နယ်က တိုက်ပွဲများမှာလည်း ဇွန်လနှင့် ဇူလိုင်လ ပထမပတ်တို့အတွင်း တိုက်ပွဲအရှိန် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးဖြစ်နေကြောင်း AA က ဆိုသည်။

တိုက်ပွဲတွင် သံတွဲအခြေစိုက် ခမရ ၅၆၆နှင့် ခလရ ၅၅ တို့အပြင် တပ်မ ၁၀၁ တပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်း၊ ခမရ ၃၁၅၊ ခလရ ၂၅၄ ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ သံတွဲက ပြည်သူ့စစ်တပ်ရင်းအချို့နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် စစ်သင်္ဘော ငါးစင်းပါ စစ်ရေယာဉ်စု၊ လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းပစ်ကူ အမြောက်အများဖြင့် စစ်ကောင်စီက တိုက်ခိုက်နေပြီး ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများအတွင်း ခက်ခဲသော မြို့သိမ်းတိုက်ပွဲဖြစ်ကြောင်းလည်း ဆိုသည်။

ယင်းသို့ တိုက်ခိုက်ရာတွင် ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်တွင် သိမ်းယူနိုင်ပြီး သံတွဲမြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီစခန်းအချို့ကိုလည်း သိမ်းယူရရှိထားကြောင်း ဖော်ပြသည်။ ငပလီ (မဇင်) လေဆိပ်ကို အနီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အားလေးရာခန့်ဖြင့် တိုက်ခိုက်နေသည့် နေရာများကို ဇူလိုင်လ ၅ ရက်တွင် တိုက်ခိုက်သိမ်းယူကာ လေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး နောက်တစ်ရက် ဇူလိုင်လ ၆ ရက်တွင်လည်း စစ်ကောင်စီ အင်အားတစ်ရာခန့်ရှိနေသည့် သုံးထပ်တိုက် တစ်လုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

သံတွဲတွင် တစ်ခုတည်း ကျန်ရှိသည့် ခလရ ၅၅ တပ်ရင်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယင်းတပ်ရင်းတွင် ၁၀၁ တပ်မ လက်အောက်ခံ တပ်ရင်းများ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြား တပ်ရင်းအချို့တို့ ရှိနေကြောင်း AA က ဆိုသည်။

ယင်းတပ်ရင်းနှင့် အနီးဝန်းကျင်တွင် ဇူလိုင်လ ၇ရက်က တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ရေတပ်၊ လေကြောင်း ပစ်ကူများဖြင့် ပစ်ခတ်နေကြောင်း ဖော်ပြသည်။

မောင်တောမြို့နယ်တွင်လည်း လက်ကျန်စခန်းများဖြစ်သည့် နခခ (၂) နှင့် နခခ (၅) တို့အနက် နခခ (၂) ကို ဇူလိုင်လ ၆ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်းAA က ဆိုသည်။