BREAKING
January 17, 2025

စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်ခံရသည့် ခေါင်ပြန်ရွာက မိသားစုဝင်သုံးဦးပြန်လွတ်

July 8, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာတွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းသွားသည့် ရွာသား ရှစ်ဦးအနက် မိသားစုဝင် သုံးဦးသည် ဇူလိုင် ၆ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ရွာသားများက ပြောသည်။

ပြန်လွတ်မြောက်လာသူများသည် ဒေသခံများမဟုတ်ဘဲ ရော်ဘာခြံတစ်ခုတွင် အလုပ်လာလုပ်သည့် အမျိုးသားတစ်ဦးနှင့် ၎င်း၏ သားဖြစ်သူ၊ သားမက်ဖြစ်သူတို့ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဘဝါရွာ စစ်ကြောင်းရောက်အပြီးမှာ ပြန်လွှတ်လိုက်တယ်။ လမ်းတစ်လျှောက်ရွာတွေမှာ အိမ်တွေဝင်ဖောက်ထားတဲ့ အထဲက ကျောပိုးအိတ်တစ်လုံးစီတောင် ပြန်ပေးလိုက်သေးတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောဆိုသည်။

၎င်းမိသားစုဝင် သုံးဦးနှင့်အတူ ဇူလိုင်လ ၁ ရက်က ဖမ်းဆီးခံရသည့် ခေါင်ပြန်ရွာသားသုံးဦးနှင့် ဇာဒီရွာသားတစ်ဦးတို့မှာ အသတ်ခံရပြီး ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်တို့တွင် ရုပ်အလောင်းများ ခေါင်ပြန်ချောင်းအတွင်းပြန်လည်တွေ့ရှိခဲ့ရသည်။

ကျန်အမျိုးသားတစ်ဦးမှာမူ အဖမ်းခံရပြီးနောက် စစ်ကြောင်းနှင့်အတူ လိုက်ပါနေစဉ် ထွက်ပြေးသဖြင့် လွတ်မြောက်ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

“အဖမ်းခံရတဲ့လူ ရှစ်ယောက်မှာ သေတာက လေးယောက်ရှိတယ်။ ပြန်လွတ်တာက သုံးယောက်နဲ့ ထွက်ပြေးသွားတာက တစ်ယောက်နဲ့ဆို စုစုပေါင်း လေးယောက်ပြန်လွတ်တယ်” ဟု ထွက်ပြေးလွတ်မြောက်ခဲ့သည့် ရွာသားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဇွန်လ ၂၉ ရက်မှစ၍ ဇာဒီရွာဘက်မှ ထားဝယ်ရေနက်ဆိပ်ကမ်းဘက်သို့ စစ်ကြောင်းထိုးသည့် စစ်ကောင်စီစစ်ကြောင်း သည် သက်ကြီးပိုင်းများ အပါအဝင် ဒေသခံ ၁၄ ဦးကို ဖမ်းဆီးကာ လေးဦးကို သတ်ဖြတ်ခဲ့ပြီး ဆယ်ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့သည်။

ယင်စစ်ကြောင်းသည် ရေနက်ဆိပ်ကမ်းဘက်သို့ ရောက်သွားပြီဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဇာဒီရွာအတွင်း တပ်စွဲထားဆဲဖြစ်သဖြင့် ဇာဒီအုပ်စုက အိမ်ထောင်စု ၁၄ဝဝ ကျော် နေရပ်ပြန်မနိုင်ကြသေးကြောင်း ရွာသားများထံမှ သိရသည်။