BREAKING
January 11, 2025

မောင်တောတွင် စစ်ကောင်စီတပ်စခန်း ခြောက်ခုနှင့် ကာကင်းနှစ်ခုတို့ကို AA သိမ်းယူ

June 8, 2024

ပုံစာ - အင်းဒင်ရွာရှိ စစ်ကောင်စီစခန်းကို သိမ်းယူပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့နယ် တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ခြောက်ခုနှင့် ကာကင်းစခန်းနှစ်ခုတို့ကို သိမ်းယူနိုင်ခဲ့ပြီး ငပလီတွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၇ရက်တွင် ထုတ်ပြန်သည်။

ဇွန်လ ပထမပတ်တွင် ရခိုင်မြောက်ပိုင်းက မောင်တော၊ ရခိုင်တောင်ပိုင်းက သံတွဲနှင့် စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိသည့် အမ်းတို့တွင် တိုက်ပွဲများပြင်းထန်နေကြောင်း ဖော်ပြသည်။

ဘူးသီးတောင်ကို သိမ်းယူပြီးနောက် ယင်းနှင့်ကပ်လျက်ရှိသည့် မောင်တောတွင် ဇွန်လ ၂ ရက်မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသို့တိုက်ခိုက်ရာ ဇွန်လ ၂ရက်တွင် တာဝါတိုင်စခန်း၊ ဇွန်လ ၃ရက်တွင် ကျောက်ပန္ဒူရွာစခန်း၊ ဇွန်လ ၄ရက်တွင် ခွဆုံပြင်ရွာစခန်းနှင့် မြင်းလွှတ်ရွာစခန်း၊ ဇွန်လ ၆ရက်တွင် အင်းဒင်ရွာစခန်း (ခေါ်) နခခ ၆ စခန်း၊ ဇွန်လ ၇ ရက်တွင် နခခ ၉ စခန်းတို့ကို သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် မကျည်းကုန်းကျေးရွာအနီး တောင်ကုန်းနှစ်ကုန်းရှိ စစ်ကောင်စီတပ် (နခခ-၂) ကာကင်းစခန်းနှစ်ခုကိုလည်း ဇွန်လ ၇ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

မောင်တောမြို့နယ်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီစခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်ကြောင်း AA က ထုတ်ပြန်သည်။ မောင်တောမြို့ကို ဝင်ရောက်နိုင်သည့် တံတားလေးစင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးထားကြောင်းလည်း ဆိုသည်။

သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ရှိသည့် လေဆိပ်အနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး သံတွဲမြို့နယ်ထဲ က တိုက်ပွဲတွင် စစ်ကောင်စီက စစ်သင်္ဘောသုံးစင်း၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အများဖြင့် တိုက်ခိုက်နေသလို Navy Seal တပ်ဖွဲ့ဝင်များဖြင့်ပါ တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ထားသည်။

သံတွဲတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမ်းမြို့နယ်တွင် တောဟိန်းတောင်စခန်းကို သိမ်းယူနိုင်ရန် ကြိုးပမ်းနေသဖြင့် အဆိုပါတောင်ပတ်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေကြောင်း AA က ဆိုသည်။