BREAKING
January 8, 2025

ရေတပ်ကလက်နက်ကြီးဖြင့်ပစ်၍ ရှစ်လအရွယ် ကလေးငယ်အပါအဝင် လေးဦးသေဆုံး

June 8, 2024

မောရဝတီရေတပ်က စစ်သင်္ဘောမှ ပစ်ခတ်သည့် လက်နက်ကြီး နေအိမ်ပေါ်ကျရောက် ပေါက်ကွဲသဖြင့် ရာဖူးရွာသစ်က မိသားစုဝင်လေးဦးစလုံး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ရာဖူးရွာသစ်မှာ ထားဝယ်-ရန်ကုန်သွားလမ်းပိုင်း မလွှဲတောင်စစ်‌ဆေးရေးဂိတ်အနီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် တည်ရှိသည်။

သေဆုံးသွားသည့် မိသားစုဝင်လေးဦးတွင် အသက် ၈ လအရွယ် ကလေးတစ်ဦး၊ အသက် ၇ နှစ်ဝန်းကျင်အရွယ်ကလေးတစ်ဦးနှင့် အသက်‌ ၄၀ ကျော်အရွယ် မိဘနှစ်ဦးပါဝင်ကြောင်း ဒေသခံတို့က ပြောသည်။

ဇွန်လ ၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာတွင် နေအိမ်ပေါ်ကျကာ မိသားစုအားလုံး သေဆုံးသွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က မိုင် ၆၀ ဖက်တွင် နေရာယူထားပြီး တော်လှန်ရေးတပ်တို့က မရမ်းချောင်းရွာအနီးတွင် နေရာယူကာ နှစ်ဖက်စစ်ဆိုင်နေသည့် အခြေအနေတွင် ‌မောရဝတီရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ရေတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ ရာဖူး၊ မိကျောင်းလှောင်၊ သာယာမွန် ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။

စစ်ကောင်စီရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ရာဖူးရွာသစ်ရှိ ဓနိမိုး ပျဉ်ထောင်အိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး ထိုအိမ်ရှိ မိသားစုဝင်လေးဦးစလုံး သေဆုံးသွားကြောင်း ဒေသခံတို့က ပြောသည်။

“မိဘနှစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ ကလေးနှစ်ယောက်ကိုတော့ မွန်ပြည်သစ်ပါတီဆေးရုံကိုပို့သေးတယ်။ ဆေးရုံမှာပဲသေသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သာယာမွန်ကျေးရွာအရှေ့ဖက် ဥယျာဉ်ခြံထဲတွင် အလုပ်လုပ်နေသည့် အသက် ၃၀ ဝန်းကျင်အရွယ် လူငယ် အမျိုးသမီးနှင့် အမျိုးသားတစ်ဦးလည်း လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း ဒေသခံတို့ကပြောသည်။

စစ်ကောင်စီရေတပ်သည် ‌ဇွန်လ ၇ ရက် နေ့လယ် ၁၁ နာရီတွင် လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီတွင်နောက်တစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

“ပထမပစ်တုန်းက မထိဘူး။ ဒုတိယတစ်ခါပစ်မှ အိမ်ထက်ကိုကျသွားတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။

ယင်းသို့ လက်နက်ကြီးပစ်ခတ်ပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ကပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်တို့ ဆုတ်ခွာသွားခဲ့ပြီး စစ်ကောင်စီတပ်ကမူ ရာဖူးရွာသစ်ထဲသို့ဝင်ရောက်ပြီး တပ်စွဲထားလိုက်ကြောင်း ဒေသခံတို့က ပြောသည်။