ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သူနှစ်ဦး ဇွန်လ ၇ ရက်နေ့ က ပိုက်ထောင်ရန်သွားရာတွင် လှေမှောက်သေဆုံးခဲ့ကြောင်း မြို့ခံများထံမှသိရသည်။
ဇွန်လ ၇ ရက် ညနေပိုင်းတွင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ ကိုမင်းဦး(ခ)ညီညီနှင့် သူငယ်ချင်းဖြစ်သူ ကိုမင်းသူတို့ ထားဝယ်မြစ်အတွင်း လှေငယ်တစ်စီးဖြင့် ငါးဖမ်းပိုက်ထောင်ရန်သွားစဉ် လှေမှောက်၍ နှစ်ဦးစလုံးသေဆုံးသွားကြောင်း ကြက်စားပြင်ရပ်ကွပ်သားတစ်ဦးကပြောသည်။
“သူ တို့နှစ်ယောက်မှာတစ်ယောက်က ရေမကူးတက်ဘူး ချောင်းဖျားရေလဲဆင်းနေတော့ ရေကကြမ်းတယ်။ အဲဒီမှာ ရေမကူးတက်တဲ့သူကိုဆယ်ရင်း ဆယ်ရင်းနဲ့ နှစ်ယောက်စလုံးသေသွားတာ ဖြစ်နိင်တယ်” ဟု ၎င်းကပြောသည်။
သေဆုံးသူနှစ်ဦးအနက် ရေမကူးတက်သူ ကိုမင်းဦး(ခ)ညီညီ၏ ရုပ်အလောင်း ယနေ့ မနက်ထားဝယ် မြစ်ထဲပြန်တွေ့ရပြီး ဆယ်ယူကာ ထားဝယ် ဆေးရုံးကြီးရင်ခွဲရုံသို့ပို့ဆောင်ထား ကြောင်းသိရသည်။
ကိုမင်းသူ၏ရုပ်အလောင်းကို လောင်းလုံးမြို့နယ် ကညုံကျွန်းကျေးရွာအနီး ထားဝယ်မြစ် ထဲတွင်ပင် ရှာဖွေ တွေ့ရှိထားပြီး ထားဝယ်မြို့သို့ ပြန်လည်ဆောင်လာနေကြောင်း သိရသည်။