BREAKING
January 8, 2025

ကလိန်အောင် မိကျောင်းလှောင်ရွာတွင် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိ၍ ဒဏ်ရာရ

June 8, 2024

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အနီး ရှိ မိကျောင်းလှောင်ရွာတွင် ဇွန်လ ၇ ရက်ညက လက်နက်ကြီးကျည်ဆန်ထိမှန်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း မြို့ခံများထံကသိရသည်။

ကျည်ဆန်ထိမှန်သူမှာ မိကျောင်းလှောင်ရွာမှ အသက် ၄ဝ ကျော်အရွယ် မသန်းဆင့် ဆိုသူအမျိုးသမီးဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

” ညက လက်နက်ကြီးအသံလေးချက်ကြားတယ်၊ မိကျောင်းလှောင်မှာ နေအိမ်၂လုံးကြားထဲကျပြီး မိန်းမကြီးတစ်ယောက် အစစင်သွားတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

မသန်းဆင့်၏ ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ပြီး ကလိန်အောင်တံတားဂိတ်နှင့် ကံပေါက်ဂန့်ဂေါ်တောင်ဂိတ်တို့ ညပိုင်းပိတ်ထားခြင်းကြောင့် ညတွင်းချင်းဆေးရုံမပို့နိုင်ဘဲ ဇွန်လ ၈ ရက်မနက်မှ မောရဝတီ‌ ရေတပ်ဆေးရုံသို့ပို့ခဲ့ရကြောင်း ၎င်းနှင့်နီးစပ်သူများထံကသိရသည်။

ဇွန်လ ၇ ရက် မနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ရေး-ထားဝယ်ကားလမ်း ကလိန်အောင်အပိုင်းရှိ ရွာများတွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် လသား ကလေးငယ်အပါအဝင် အရပ်သား ‌၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့‌ေသးသည်။

ဇွန်လ ၈ ရက်မနက်ပိုင်းတွင်မူ ပစ်ခတ်သံများမကြားရတော့ကြောင်း မြို့ခံများကပြောသည်။

ပြီးခဲ့သည့် မေလကလည်း ကလိန်အောင်မြို့တွင် ညဘက်လက်နက်ကြီး ပစ်ခတ်မှုများဆက်တိုက်ရှိခဲ့ပြီး အရပ်သားအဖွားတစ်ဦး ဒဏ်ရာရ၍ မြို့တွင်းရှိ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး အဆောက်အအုံများနှင့် လူနေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန်ခဲ့သည်။