BREAKING
October 19, 2024

ဆေးရုံတွင် မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သူမှာ ထိုင်းရဲဖြစ်နေ

June 8, 2024

ထိုင်းနိုင်ငံ ခွန်ကယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်နေသော မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သူမှာ ထိုင်ရဲတပ်ကြပ်ကြီး တစ်ဦးဖြစ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဇွန်လ ၇ ရက်နေ့ နံနက်သန်းခေါင်အချိန်တွင် အကြိတ်ခွဲစိတ်ကုသရန် ဆေးရုံတက်နေသော အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခဲ့ပြီးနောက် သေနတ်သမားက ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသော မြန်မာနိုင်ငံသားကို ဆေးရုံဝန်ထမ်းများက အရေးပေါ်ဆောင်သို့ ပို့ဆောင်ကုသပေးခဲ့သော်လည်း ခဏအကြာတွင် သေဆုံးသွားခဲ့သည်။

အဆိုပါ သေနတ်သမားမှာ အသက် ၃၄ နှစ်အရွယ် ထိုင်းရဲဖြစ်ပြီး ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း၊ ဆေးရုံတွင် မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း ဖော်ပြထားသည်။

အဖမ်းခံရသည့်အချိန်တွင် အဆိုပါရဲမှာ စိတ်ဖိစီးမှုများနေပြီး စိတ်ရှုပ်ထွေးနေခဲ့သော်လည်း မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သည်ကို ဝန်ခံထားကြောင်း ခွန်ကယ်ရဲမှူးက ပြောထားသည်။

မြန်မာနိုင်ငံသား၏ ဘေးကုတင်တွင် ဆေးရုံတက်နေသော သူ၏ ဖခင်ကို စိတ်အနှောက်အယှက် ဖြစ်စေသဖြင့် ဒေါသထွက်ကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ဝန်ခံထားသည်။

သေနတ်သမားက မြန်မာနိုင်ငံသားနှင့် ယခင်က လုံးဝတွေ့ဆုံဖူးခြင်းမရှိဘဲ ဆေးရုံတက်မှသာ ပထမဆုံး ဆုံဖူးကြသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား၏ စိတ်အနှောက်အယှက်ဖြစ်စေသော အပြုအမူများကို သူမကြိုက်ကြောင်း ထွက်ဆိုထားသည်ဟု ရဲမှူးက သတင်းထောက်များကို ပြောသည်။

ယင်းအပြုအမူများက သူ့ကို သေနတ်ဖြင့် ပစ်ခတ်စေရန် အားပေးခဲ့ခြင်းဖြစ်ပြီး ဘာကြောင့် ပစ်ခတ်ခဲ့ရသည်ကိုမူ မသိတော့ကြောင်း သေနတ်သမားရဲက ထွက်ဆိုထားသည်။

မြန်မာနိုင်ငံသားကြောင့် ဖခင်ဖြစ်သူက စိတ်အနှောက်အယှက်ဖြစ်နေပြီး အိပ်မရဖြစ်နေသည်ကို ပြောကြားဖူးကြောင်း မိသားစုဝင်များကလည်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။

မြန်မာနိုင်ငံသားက ညနက်သည်အထိ မိုဘိုင်းဂိမ်းများ ဆော့လေ့ရှိသူဖြစ်သဖြင့် အခြားသူများကို အနှောက်အယှက်ဖြစ်စေနိုင်သော်လည်း သေနတ်ဖြင့် ပစ်သတ်ခံရသည်အထိ လွန်ကျူးထားခြင်းမရှိကြောင်း မြန်မာနိုင်ငံသား၏ ရည်းစားဖြစ်သူကလည်း ရဲတပ်ဖွဲ့သို့ ပြောကြားထားသည်။

သေနတ်သမား ရဲသည် စိတ်ဖိစီးသည့် ရောဂါနှင့် နှလုံးရောဂါ ခံစားနေရသူဖြစ်ပြီး ဆေးသောက်နေရသူလည်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူက ရဲတပ်ဖွဲ့ကို ပြောကြားထားသည်။

ထိုနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေခဲ့ပြီး သေနတ်သမားဖြစ်သူ ထိုင်းရဲကို ဖခင်ဖြစ်သူက အဖမ်းခံရန် နားချရာမှ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် သေနတ်သမားဖြစ်သော ထိုင်းရဲကို လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုများဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Ref: Bangkok Post