တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ မြို့နယ်သုံးခုတွင် နေရောင်ခြည်၊ ဇီဝလောင်စာ၊ ရေအားတို့မှ လျှပ်စစ်ထုတ်လုပ်ရန် ကုမ္ပဏီတစ်ခုက ကြိုးပမ်းလျှက်ရှိသည်။
တောင်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရေး (Southern Power Grid) ကုမ္ပဏီက ယင်းကဲ့သို့ကြိုးပမ်းနေခြင်းဖြစ်သည်။
အဆိုပါကုမ္ပဏီသည် တနင်္သာရီမြို့နယ် ဇဝဲ ဘန်းလမွတ်ဒေသတွင် ၁၀ မီဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း၊ သမုတ် လွတ်လွတ်ဒေသတွင် ၂၆ မီဂါဝပ် ဇီဝလောင်စာသုံး လျှပ်စစ်အား ထုတ်လုပ်ရေးစီမံကိန်း၊ ပုလောမြို့နယ် ပလောက်ချောင်းတွင် ၁၀ မီဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း စသော စီမံကိန်းသုံးခု ဆောင်ရွက်နိုင် ကြိုးပမ်းနေခြင်းဖြစ်သည်။
တောင်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီတာဝန်ရှိသူတို့သည် စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ရုံးခန်းသို့ ဇွန်လ ၇ ရက်က လာရောက်ပြီး လျှပ်စစ်ထုတ်မည့် စီမံကိန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း တိုင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

NLD အစိုးရလက်ထက်တွင်လည်း တောင်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီအမည်ဖြစ် ဇီဝလောင်စာသုံး (Bio mass) လျှပ်စစ်စီမံကိန်းနှင့် နေရောင်ခြည်စွမ်းအင်သုံး (ဆိုလာ) စီမံကိန်းတို့အတွက် လာရောက်လျှောက်ထားဖူးသည့် ကုမ္ပဏီဖြစ်သည်။
ယင်းအချိန်က စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ အကြိုစူးစမ်းလေ့လာရေးအတွက် လက်မှတ်ရေးထိုးသည့် အဆင့်ပြီးနောက် အာဏာသိမ်းလိုက်သဖြင့် ယင်းစီမံကိန်းအကြောင်း သတင်းမကြားရတော့ဘဲ ယနေ့အချိန်တွင် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။
အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများအပေါ် ဒေသခံများ၏ သဘောထားသိရှိရန် Dawei Watch အနေဖြင့် ဆက်သွယ်နေဆဲဖြစ်သည်။
လတ်တလောတွင် မြိတ်ခရိုင်အတွင်း မြို့များတွင် Petro&Trans ကုမ္ပဏီ၊ ဖိုးသီးချို ကုမ္ပဏီတို့ ဒီဇယ်ဆီဖြင့် လျှပ်စစ်ဖြန့်ဖြူး လျှက်ရှိပြီး တစ်ယူနစ်လျှင် ၇၀၀ ဝန်းကျင်ကျပ် ပေးဆောင်နေရသည်။
ကျေးရွာများတွင်မူ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးကိုအသုံးပြုနေကြရပြီး တစ်ယူနစ် ကျပ်ထောင်ဂဏန်း ပေးဆောင်နေကြရသည်။