၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ပုံမှန်အတိုင်း နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာ လိုက်သည်။
ရွေးကောက်ပွဲတို့၏ ထုံးစံအတိုင်း အပြိုင်အဆိုင်များ လာတော့မည်။ တစ်ဘက်နှင့်တစ်ဘက် အပုပ်ချ ထိုးနှက်မှုများ၊ ခြေထိုးမှုများ၊ အနိုင်ယူလိုမှုများ လာတော့မည်။
မည်သို့ပင် ဒိုင်လူကြီးရှိစေကာမူ မည်သို့ပင် စည်းမျဉ်းများ ချမှတ်စေကာမူ ဉာဏ်ဆင်၊ ပရိယာယ်ချကာ ရသမျှ အခွင့်အရေးအသုံးချ၍ အနိုင်ရရေး ဆင်နွှဲကြ တော့မည်ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ကဲ့သို့မဟုတ်ဘဲ ပါတီ အမျိုးအစားများ ပိုမိုစုံလင်လာသည်။ မျက်နှာသစ်၊ မျက်နှာဟောင်းတို့ကို နည်းပေါင်းစုံဖြင့် မြင်ရမည့်ပွဲ ဖြစ်သည်။
ယခုအခါ ရွေးကောက်ပွဲ မတိုင်မီ လေးလခန့်အလိုကတည်းကပင် နိုင်ငံ့ အရေး၊ တိုင်းပြည် အရေးမဟုတ်သော နိုင်ငံရေးများ၊ နိုင်ငံရေး အားပြိုင်ပွဲများ စမြင်လာရပြီ ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို မနိုင်မှန်းသိလျက်ဖြင့် တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်များက ဖြုတ်ချရန် ကြိုးပမ်းသည်။
အတိုက်အခံလွှတ်တော်အမတ် တစ်ဦးက ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းလာသည်။
အာဏာရ ပါတီကိုယ်တိုင်ကလည်း အများဆိုင် အမည်တစ်ခုဖြစ်သော မြို့မိ မြို့ဖဟူသော စကားရပ်ကိုယူကာ ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ် လောင်းများ ရွေးချယ်ရေး အသုံးချလာသည်ကို တွေ့ရသည်။
ယင်းတို့မှာ သက်ဆိုင်ရာ အမျိုးမျိုးသော ပါတီအင်အားစုများက နည်း အမျိုးမျိုးဖြင့် နိုင်ငံရေး အားစမ်းပွဲ၊ အမြတ်ထုတ်ပွဲများ စတင်လာခြင်း ဖြစ်သည်။
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲစနစ်တွင် နိုင်ငံရေးအားပြိုင်ပွဲများသည် မဆန်းလှပါ။ သို့သော် မြန်မာနိုင်ငံကဲ့သို့သော အဘက်ဘက်မှ တည်ဆောက် ပြင်ဆင်ရမည့် တိုင်းပြည်တစ်ခုတွင် နိုင်ငံရေးအားပြိုင်ပွဲများ ရှေ့တန်းတင် လွန်းပါက တိုင်းပြည်တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေး နောက်ရောက် သွားမည်ကို စိုးရိမ်မိပါသည်။
နိုင်ငံရေး အားပြိုင်မှုများသည် အတိုင်းအတာတစ်ရပ်အထိ ရှိနေမည်ဖြစ် သော်လည်း နိုင်ငံရေး လွန်ကဲသွားပါက တိုင်းပြည်နှင့် လူထုအတွက် အကျိုးမရှိ ဘဲ ဘေးသင့်သွားနိုင်ကြောင်း အထူးအလေးပေး ဖော်ပြလိုပါသည်။
အယ်ဒီတာ (ဇွန် ၆၊ ၂၀၂၀)