အခန်း (၆)
ရွှေရောင် ပြောင်ပြောင်ခေတ် (Gilded Age)ဆိုတဲ့ ခေါင်းစဉ်က Chuang စာစောင်မှာပါတဲ့ ကူးစက်ခြင်း ဆောင်းပါးထဲက ခေါင်းစဉ်ခွဲတစ်ခုပါ။ ရှေ့မှာပြောခဲ့သလိုပဲ တရုတ်ပညာရှင်ရဲ့ တရုတ်လူ့အဖွဲ့အစည်းကို ကပ်ဘေး နောက်ခံနဲ့ ပြန်သုံးသပ်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
ကိုဗစ်ကိုနားလည်ဖို့ ကမ္ဘာလုံးခြုံ အရင်းရှင်စနစ်ထဲမှာရှိနေတဲ့ တရုတ်ပြည် သူ့ကျန်းမာရေး အကျပ်အတည်းကို သိဖို့လိုမယ်လို့ သူက ဆိုပါတယ်။
စပိန်တုပ်ကွေး (၁၉၁၈) တုန်းကလိုပဲ အများပြည်သူကြားက ကျန်းမာရေး အကျပ်အတည်းကြောင့် ကိုရိုနာဗိုင်းရပ်စ် အမြစ်တွယ်ပျံ့နှံ့ဖို့ လွယ်ကူစေခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီကျန်းမာ ရေးနိမ့် ကျပျက်ယွင်းမှုကိစ္စဟာ ရင်သပ်ရှုမော ဖြစ်နေတဲ့ စီးပွားရေးတိုးတက်မှုကြားမှာ ဝင်းဝင်း လက်လက်မြို့ပြတွေ၊ ဧရာမစက် ရုံကြီးတွေကြားမှာ ပျောက်ကွယ်လို့ နေပါတယ်။ တကယ်မှာတော့ ကျန်းမာရေး၊ ပညာရေးလို အများပြည်သူ ကောင်းကျိုး (Public Goods) ကိစ္စတွေမှာ အစိုးရ အသုံးစရိတ်က အလွန်နည်းပါတယ်။
ပြည်သူ့ရေးရာ အသုံးစရိတ် အများစုက လမ်းတွေ၊ တံတားတွေ၊ ဈေးပေါတဲ့ လျှပ်စစ် ထုတ်လုပ်တာတွေဆီကို အဓိက သွားပါတယ်။
တစ်ပြိုင်တည်းမှာ ပြည်တွင်း ဈေးကွက်အတွက် ထုတ်လုပ်တာတွေက အန္တရာယ်ဖြစ်လောက်အောင် အရည် အသွေး နိမ့်ပါတယ်။ ကမ္ဘာ့ဈေးကွက် အတွင်း iPhone တွေ၊ ကွန်ပျူတာ ချစ်ပ် တွေလို တန်ဖိုးမြင့်၊ စံချိန်မြင့် ပစ္စည်းတွေ ကို တရုတ်စက်မှု လုပ်ငန်းတွေက ထုတ် လုပ်နေတာ ဆယ်စုနှစ်တွေရှိပါပြီ။ ပြည်တွင်း ဈေးကွက်မှာတော့ ခပ်ညံ့ညံ့ ထုတ်ကုန်တွေ၊ အရှုပ်တော်ပုံတွေကြောင့် ပြည်သူရဲ့ ကုန်ပစ္စည်းတွေအပေါ် မယုံကြည်မှုက နက်ရှိုင်းပါတယ်။
၂၀ဝ၈ ခုနှစ်မှာ မယ်လမင်းပါတဲ့ နို့ပြဿနာတက်ပြီး ကလေး ၁၂ ယောက် လောက်သေပါတယ်။ ထောင်နဲ့ချီပြီး ဆေးရုံတက် ရပါတယ်။ အဲဒီနောက်ပိုင်း မှာလည်း အရှုပ်တော်ပုံက ပုံမှန်လာနေ တာပါပဲ။ ၂၀၁၁ မှာ စွန့်ပစ်ဆီ တွေကို ပြန်သုံးတဲ့စားသောက် ဆိုင်တွေ နိုင်ငံရဲ့ ဒေသတော်တော် များများမှာ တွေ့ခဲ့ ရတယ်။ ၂၀၁၈ မှာ စံမမီတဲ့ကာကွယ်ဆေး တွေကြောင့် ကလေးတွေသေခဲ့တာ ရှိတယ်။ နောက်နှစ်မှာ ကာကွယ်ဆေး အတုကြောင့် ဆေးရုံ ရောက်ခဲ့ကြတာတွေ ရှိတယ်။
ဆန်းဆန်းပြားပြား ကိစ္စတွေက လည်း တောက်လျှောက်ဖြစ်နေတာပါ။ အသင့်စား စားစရာအထုပ်တွေမှာ စရိတ် လျော့အောင် ဆပ်ပြာထည့်တာ။ ရောဂါ ကြောင့် သေတဲ့ဝက်တွေ တခြားနေရာယူ ရောင်းတာ စသည်ဖြင့် အများကြီးပါ။
ကမ္ဘာလုံးခြုံ အရင်းရှင်စနစ်ထဲကို တရုတ်ပြည်ကြီးတစ်စစီ မရောက်ခင် ကတော့ မြို့ပြမှာဆိုရင် Danwei စနစ် (အလုပ်အခြေပြု အကျိုးခံစားခွင့်)နဲ့ ကျေးလက်မှာတော့ ဒေသန္တရကျန်းမာရေး ဆေးခန်းတွေကနေ ကျန်းမာရေး စောင့် ရှောက်မှုတွေ ရပါတယ်။ ဒေသန္တရဆေးခန်း တွေဆိုတာကလည်း ကျေးလက်ဆရာဝန် တွေ လုံလောက်များပြားစွာ ရှိတဲ့နေရာ ပါ။
ဆိုရှယ်လစ်ခေတ် တရုတ် ပြည်ကို ပြင်းပြင်းထန်ထန်ဝေဖန် ကြသူတွေက တောင် အသိအမှတ် ပြုရတဲ့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ရှိခဲ့ပါ တယ်။ ရာစုနှစ်နဲ့ချီရှိခဲ့တဲ့Snail Fever က ဆိုရှယ်လစ်ခေတ်မှာ ပျောက်သလောက် ဖြစ်ခဲ့ပြီး ဆိုရှယ်လစ်ကျန်းမာရေး ပြိုလဲ တော့မှ အင်နဲ့ အားနဲ့ ဒီ Snail Fever က ပြန်ရောက်လာခဲ့တယ်။ မဟာခုန်ပျံ ကျော်လွှားမှုစီမံကိန်းနဲ့ အငတ်ဘေး ဆိုက်တဲ့ ကာလတွေထဲမှာ တောင် ကလေးမွေးသေနှုန်းက ကျနေခဲ့တယ်။ ၁၉၅၀ ကနေ ၁၉၈၀ အစောပိုင်း အထိမှာ ပျမ်းမျှလူ့သက်တမ်းက (၄၅)နှစ်ကနေ (၆၈)နှစ်အထိ တိုးလာခဲ့တယ်။ ကာကွယ် ဆေး၊ တစ်ကိုယ်ရေသန့် ရှင်းရေးအလေ့ အထတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး ပြည်သူ့ကျန်းမာရေး၊ အာဟာရပညာ ပေးတွေ၊ အခြေခံဆေးဝါးတွေကို လူတိုင်း လက်လှမ်းမီကြ၊ အခမဲ့ ရကြတယ်။ တစ်ချိန်တည်းမှာ ကျေးလက်ဆရာဝန် တွေက ဒေသခံတွေကို ဆေးပညာ အသိအမြင်တွေ ပေးကြတယ်။ ရုပ်ဝတ္ထု ရှားပါးဆင်းရဲတဲ့ ခေတ်ထဲမှာ အောက် ခြေကလာတဲ့ ကျန်းမာရေးစနစ်ကို အဲဒီဆရာဝန်တွေက တည်ပေးခဲ့ကြ တယ်။
အဲဒီအခြေအနေ ရှိခဲ့တာ ပျမ်းမျှ အာဖရိကနိုင်ငံ တွေထက် တရုတ်ပြည်ကြီး ဝင်ငွေ နည်းချိန်၊ ဆင်းရဲချိန်ကပါ။
အဲဒီနောက်မှာတော့ လျစ်လျူရှု တာ၊ ပုဂ္ဂလိကပိုင်လုပ်တာတွေနဲ့ အရင် ကျန်းမာရေးစနစ်ဟာ တဖြည်းဖြည်း ပြိုလဲလာတယ်။ တစ်ချိန်တည်းမှာ အလွန်မြန်တဲ့ မြို့ပြတည်ဆောက်မှု၊ အထိန်းအကွပ်မဲ့ စက်မှုလုပ်ငန်းတွေ ကြောင့် လူတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှု လိုအပ်ချက် ပိုကြီးလာတယ်။ ဒါတောင် အစားအစာနဲ့ ဆေးဝါးတွေ မလုံခြုံတော့တာကို ထည့်မပြောသေးဘူး။
ဒီနေ့ခေတ်မှာ တရုတ်ပြည် ကြီးရဲ့ လူတစ်ဦးချင်း နှစ်စဉ်ကျန်းမာရေး စောင့်ရှောက်မှု စရိတ် ၃၂၃ ဒေါ်လာ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ ဘရာဇီး၊ ဘီလာရုစ်၊ ဘူလ်ဂေးရီးယားနိုင်ငံတွေ အသုံးစရိတ်ရဲ့ တစ်ဝက်လောက်ပဲ ရှိပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု ပြို ပျက်ခြင်းရဲ့ဒဏ်ကို အများဆုံး ခံရတာ က သန်းနဲ့ချီတဲ့ ပြည်တွင်းရွှေ့ပြောင်း လုပ်သားတွေပါ။ ဟူကိုးစနစ် (Hukou System) အရ သူတို့ဘယ်နေရာပဲ ရောက် နေပါစေ ဇာတိရပ်ရွာမှာပဲ စာရင်းဝင် ပါတယ်။ အခြေခံကျန်းမာရေး ခံစား ခွင့်က ရပ်ရွာမှာပဲ ကျန်ခဲ့ပါတယ်။
၁၉၉၀ ကျော်ကာလတွေရဲ့ ပုဂ္ဂလိကစနစ်(အစိုးရရဲ့ စီမံမှုအပိုင်း တော့ပါတယ်)ကလည်းမည်ကာ မတ္တပဲ ဖြစ်ပါတယ်။ အလုပ် ရှင်၊ အလုပ်သမား ထည့်ဝင်ရမယ့် ကျန်းမာရေးစရိတ်ကို အလုပ်ရှင်ဘက်က လျစ်လျူရှုတာများပါ တယ်။ နိမ့်ကျနေတဲ့ ကျန်းမာရေး စနစ်မှာ ကြောက်စရာလူမှုပဋိပက္ခ ပေါ်လာပါ တယ်။ အဲဒါကတော့ လူနာတွေအပေါ် ဆေးဝန်ထမ်း တွေ ပေါ့ဆတယ်လို့ယူဆ ပြီး ကျန်ရစ်သူတွေ၊ ဆွေမျိုးတွေရဲ့ ဆရာဝန်၊ ဆရာမတွေအပေါ် တိုက်ခိုက်မှု ပါ။
လေ့လာမှုတစ်ခုအရ ဆရာဝန် ၈၅ ရာခိုင်နှုန်းဟာ အကြမ်းဖက်ခံရတဲ့ အတွေ့အကြုံရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၄ မှာ ကိုယ် ထိလက်ရောက်တိုက်ခိုက်ခံ ရတဲ့ ဆရာဝန်ပမာဏက ၁၃ ရာခိုင်နှုန်း ရှိတယ်လို့ ၂၀၁၅ လေ့လာမှုတစ်ခုမှာ ဆိုပါတယ်။ တရုတ် ဆရာဝန်တစ်ယောက် ဟာ အမေရိကန်ဆရာဝန်တစ်ယောက် ထက် လူနာကြည့်ရတဲ့ပမာဏ လေးဆ ပိုများပါတယ်။
အမေရိကန်ဆရာဝန် တစ်ယောက်ဟာ သူ့နိုင်ငံရဲ့ ပျမ်းမျှ တစ်ဦးချင်း တစ်နှစ်ဝင်ငွေ ၆၀၂၀ဝ ထက် ငါးဆများတဲ့ ဝင်ငွေ ဒေါ်လာသုံးသိန်း လောက်ရပါတယ်။ တရုတ်ဆရာဝန်ကတော့ သူ့နိုင်ငံရဲ့ ပျမ်းမျှတစ်ဦးချင်း တစ်နှစ် ဝင်ငွေဒေါ်လာ ၁၆၇၆၀ ထက်နည်းတဲ့ ဒေါ်လာ ၁၅၀ဝ၀ ရပါတယ်။
အဲဒီလို ကျန်းမာရေးစောင့်ရှောက်မှု ပျက်ယွင်းတဲ့နောက်ခံမှာ ကိုဗစ်-၁၉ ရောဂါဟာ တရုတ်မှာ အလွယ်တကူဖြစ် တည်ပြန့်ပွားပါတယ်။ အောက်ခြေ လူတန်းစားရဲ့ ကျန်းမာရေး နိမ့်ကျမှုဟာ ဗိုင်းရပ်စ်ခြေကုပ်ရဖို့ အကူအညီပေးခဲ့တာ ပါပဲ။
အပေါ်က အချက်အလက် တွေဟာ Chuang မဂ္ဂဇင်းပါ တရုတ်ပညာရှင်ရဲ့ အချက်အလက်တွေပါ။ ဆောင်းပါးထဲက သူ့ရဲ့အောက်ပါမှတ်ချက်က ကျုပ်တို့ကို ထိတ်လန့်စေပါတယ်။
“တစ်နှစ်ကနေ ၂ နှစ် အချိန်ကာလ အတွင်းမှာ ကူးစက်ရောဂါအသစ် တစ်ကြိမ်တော့ တရုတ်ပြည်ကြီးမှာ ပေါ်ပါတယ်”
နိဂုံးစကား
ကိုဗစ်ဖြစ်တည်ရာ လမ်းကြောင်း ကို ပြန်ကြည့်တဲ့စာတွေ ဧပြီလပိတ်ရက်မှာ ဖတ်ဖြစ်ပါတယ်။ ဖတ်ရင်းနဲ့ မြန်မာပြည် ထဲက ပုံရိပ်တွေပဲ စိတ်ထဲမှာ ထင်လာ ပါတယ်။
- နေ့စဉ် ပြိုလဲနေရတဲ့ သစ်တောတွေ။
- ခိုလှုံရာမဲ့လာတဲ့ သတ္တဝါတွေ။
- မြေယာလက်လွတ်ဆုံးရှုံးရတဲ့ ဌာနေပြည်သူတွေ။
- ရေရင်းမြစ်ထဲကို အဆိပ် အတောက်တွေ ပို့လွှတ်နေတဲ့ ငှက်ပျော ခင်းတွေ။
- ထင်တိုင်းကြဲ ရင်းနှီးမြှုပ်နှံမှု တွေ။
- ပြည်ပ ဓနအင်အားနဲ့ ပြည် တွင်းသယံဇာတကြားမှာ ပွဲစားလုပ် ကြီးပွားနေတဲ့ ခရိုနီတွေ။
- ပြည်ပကဝင်ရောက်လာတဲ့အတွက် နှုန်းမြင့် မွေးမြူရေးလုပ်ငန်းကြီးတွေ။
- ကူညီသူမဲ့တဲ့ ဥတုဘေးသင့် တောင်သူတွေ။
- ကျေးလက်ကနေ မြို့ပြဆင်း ရဲသားရပ်ကွက်ထဲ နေ့စဉ်တိုးဝင်လာ နေကြသူတွေ။
- ပြည်တွင်း၊ ပြည်ပက အဆိပ် အတောက်တွေစားသုံးရင်း ကျန်းမာရေး ပြိုပျက်နေတဲ့ ပြည်သူတွေ။
- ပြည်ပကနေ တိုးဝင်လာဖို့ ပြင်နေတဲ့ ရထားလမ်း၊ ကားလမ်း၊ လေယာဉ်လမ်းတွေ။
- ရေ၊ မြေ၊ ပြည်သူတွေ ချနင်းခံရမယ့် လုပ်ပိုင်ခွင့်တွေ ဓနအင် အားလက်ထဲ ထည့်ပေးနေရတာကိုပဲ ဖွံ့ဖြိုးရေးလို့ ထင်နေတဲ့ အာဏာပိုင်တွေ။
- ပြည်သူ့ဘဝ လုံခြုံမှုဆိုတာကို တစ်ကြိမ်တစ်ခါမျှ တွေးကြံကြည့် ခဲ့ဖူးဟန်မရှိတဲ့ အဆင့်ဆင့် အရပ်ရပ်က တာဝန်ရှိသူတွေ။
ကပ်ဘေးအလွန်မှာတော့ အတွေး သစ်၊ အမြင်သစ်၊ လမ်းသစ်တွေနဲ့ ကျုပ်တို့ ခရီးဆက်နိုင် ကောင်းပါရဲ့။
ဒေါက်တာမြင့်ဇော်
ဒေါက်တာမြင့်ဇော်ရေးသားသည့် “ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှလေ့လာခြင်း” စာအုပ်ကို အသံဖြင့်လည်း နားထောင်နိုင်ပါသည်။
အခန်း (၁) ကျုပ်တို့ ဖန်တီးတဲ့ ကပ်ရောဂေါ
အခန်း (၂) ကြိုမြင်ခဲ့တဲ့ ကပ်ဘေး
အခန်း (၃) ထွက်နှုန်းမြင့်မွေးမြူရေး (သို့) ရောဂါပိုးစက်ရုံများ
အခန်း (၄) စနစ်ကို ဆန်းစစ်ကြရအောင်