မြိတ်မြို့၊ ကျွဲကူးရွာရှိ ဧရာနဒီအမည်ရှိ စက်လှေပြုပြင်သည့် လွန်းကျင်းတွင် ယနေ့ (မေ ၈) ညနေပိုင်းက ငါးဖမ်းစက်လှေတစ်စီး မီးလောင်မှုဖြစ်ခဲ့သည်။
ဖြိုးကျော်ကျော် ၅ အမည်ရှိ ဝါလတ်ငါးဖမ်းလှေ စက်ခန်း၌ စက်ကြီးအိတ်ဇောပိုက်အား ဂဟေဆော်ရာမှ ဆီကန်ပေါ် မီးပွားကျ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံကသိရသည်။
ညနေ ၄ နာရီ မိနစ် ၂ဝ တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းများ၏ ငြှိမ်းသတ်မှုကြောင့် မိနစ်ပိုင်းအကြာ ၄ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။






“လူထိခိုက်ဒဏ်ရာ ရတာမျိုး မရှိပါဘူး ” ဟု သွားရောက်ကူညီခဲ့သည် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် ဂဟေဆော်ပုံးတစ်ပုံး နှင့် စက်လှေပဲ့နင်းခန်း မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယခုနှစ် ဖေဖော်ဝါရီလကလည်း မြိတ်မြို့ အမှတ် ၂ ဘောတံတားတွင် စက်လှေမီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။