BREAKING
September 19, 2024

“ရတာနဲ့ မကာမိမှာစိုးလို့ လယ်လုပ်ဖို့ မသေချာသေးဘူး”

May 8, 2022

တနင်္သာရီ ပုံရိပ်များ

လယ်ယာထွန်ယက်ကြမယ့် မိုးရာသီရောက်ဖို့ တစ်လလောက်ပဲ လိုတော့ပေမယ့် လယ်သမားတွေ လယ်လုပ်ဖို့ တွေဝေတုံ့ဆိုင်းနေကြဆဲဖြစ်ပါတယ်။ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စတဲ့ လယ်ယာသွင်းအားစုတွေ ဈေးအဆမတန် ခုန်တက်သွားတာကြောင့် ဖြစ်ပါတယ်။ ဒီနှစ်မှာ စပါးဈေးတွေ တက်ပေမယ့် သွင်းအားစုဈေးတွေနဲ့ နှိုင်းစာရင် အများကြီးကွာဟနေပါသေးတယ်။ ဒါ့အပြင် မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့်လည်း လယ်သမားတွေ ရတက်မအေး ဖြစ်နေကြရပါသေးတယ်။ ဒီလိုအခြေအနေမှာ ဒီနှစ် လယ်သမားတွေ လယ်လုပ်ကြမလား။ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေကြရသလဲ ဆိုတာကို သိရှိနိုင်ဖို့အတွက် ထားဝယ်နဲ့ လောင်းလုံးမြို့နယ်က လယ်သမားတချို့ကို မေးမြန်းဖော်ပြလိုက်ပါတယ်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှ လယ်သမားတစ်ဦး

DW ။ ဒီနှစ်မိုးရာသီ လယ်ယာလုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း အရင်ဆုံးပြောပြပေးပါ။

လယ်သမား ။ ဒီနှစ်တော့ ဦးက လယ်လုပ်ဖို့ မသေချာသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ စက်သုံးဆီဈေးက အရမ်းဈေးကြီး၊ ဓာတ်မြေဩဇာက ဈေးကြီး၊ အစစအရာရာပဲ ဈေးကြီးနေတာကိုး။ ရတာနဲ့ မကာမိမှာစိုးလို့ လယ်လုပ်ဖို့ မသေချာသေးဘူး။ လုပ်မယ်လို့တော့ မှန်းထားတာပေါ့။

DW ။ စက်သုံးဆီဈေး၊ ဓာတ်မြေဩဇာဈေးတွေက ဘယ်လောက်အထိ မြင့်တက်သွားလို့လဲ။ မနှစ်ကထက်စာရင် ဘယ်လောက်ပိုမြင့်သွားတာလဲ။

လယ်သမား ။ ဆီဈေး ဓာတ်ဆားဈေး (စက်သုံးဆီဈေး၊ ဓာတ်မြေဩဇာဈေး) တွေကို မနှစ်ကနဲ့ သွားမနှိုင်းနဲ့တော့၊ သုံးလေးဆလောက်ကို ကွာသွားပြီ။ မနှစ်က စက်သုံးဆီ တစ်ဂါလံမှ (ကျပ်) နှစ်ထောင်လောက်ပဲ။ ဒီနှစ် တစ်သောင်းလောက်ဖြစ်နေပြီ။ ဓာတ်မြေဩဇာဈေးဆိုရင် ဆိုင်မှာ ဈေးမေးဖို့တောင် မရဲဘူး။ တစ်အိတ်ကို (ကျပ်) ခုနစ်သောင်း၊ ရှစ်သောင်း၊ တစ်သိန်းနား ကပ်နေပြီ။ ဓာတ်မြေဩဇာတစ်အိတ်ကို တစ်သိန်းနားအထိ ဈေးနဲ့ဝယ်ရမယ်လို့ လုံးဝမထင်ထားဘူး။

DW ။ တခြားလယ်သမားတွေရော ဒီနှစ်လယ်လုပ်ဖို့ ပြင်ဆင်နေကြပြီလား။ ဘယ်လိုအခြေအနေရှိလဲ။

လယ်သမား ။ ဦးတို့ဘက်မှာက နယုန်လဆန်း (ဇွန်လ ပထမအပတ်) မှ လယ်ထဲဆင်းကြတာဆိုတော့ အခုလောလောဆယ်တော့ လယ်ထဲဆင်းဖို့ပြင်ဆင်နေတာ သိပ်မရှိသေးဘူး။ တဲပြင်၊ တဲမိုးသွားတာတွေတော့ ရှိတယ်။ တချို့ကျတော့လည်း ဦးလိုပဲ လယ်လုပ်ရမလား၊ မလုပ်ရဘူးလား မဆုံးဖြတ်ရသေးတဲ့သူတွေလည်း ရှိနေတယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးတို့ဘက်မှာက မိုးမမှန်ရင် စပါသေလေ့ရှိတယ်။ အခုကုန်ဈေးနူန်းနဲ့ လယ်ဆင်းလုပ်ပြီး စပါးမအောင်ရင် မလွယ်ဘူးလေ။

DW ။ ဒီနှစ်စပါးဈေးကောင်းတယ်ပြောကြတယ်။ အဲဒီစပါးဈေးနဲ့ဆိုရင် မကိုက်နိုင်ဘူးလား။

လယ်သမား ။ ဟုတ်ပါတယ်။ ဒီနှစ်စပါးဈေး ကောင်းပါတယ်။အရင်နှစ်တွေနဲ့ စာရင်ပေါ့။ ဒါပေမယ့် စဉ်းစားကြည့်ကြည့်။ စပါးတစ်တင်း (ကျပ်) တစ်သောင်းရရင် စက်သုံးဆီတစ်ဂါလံဖိုးပဲ ရှိသေးတယ်လေ။ အခုစက်သုံးဆီဈေးနဲ့ ကုန်ကျခံပြီး လုပ်လိုက်တယ်ပဲထားပါတော့။ နောက်နှစ်စပါးဈေးက အခုဈေးတိုင်း ဖြစ်နေမယ်လို့ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။ ဒီခေတ်ကြီးမှာ ကိုယ်ဖြစ်ကိုယ်ခံပဲ။ ဘယ်သူမှ လယ်သမားတွေဘက်ကနေပြီး ကူညီမယ့်သူမရှိဘူး။

DW။ လယ်သမားက လယ်မလုပ်တော့ရင် မိသားစုစားဝတ်နေရေး ဘယ်လိုလုပ်မှာလဲ။

လယ်သမား ။ (ရယ်လျှက်) ဒီလိုပဲကြည့်စီစဉ်ရမှာပေါ့။ လယ်မလုပ်ရင်တော့ စားဝတ်နေရေး ဘယ်လိုဖြစ်မလဲဆိုတာ မမေးပဲနဲ့ကို သိမှာပါ။ ထိုင်းက သားသမီးရှိနေတာဆိုတော့ ထမင်းတော့ငတ်မယ် မထင်ပါဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“(လယ်သမား) တချို့ဆို လယ်မလုပ်ချင်တော့လို့ လိုက်ထိုးအပ်နေကြတယ်”

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာမှ လယ်သမားတစ်ဦး

DW ။ ဒီနှစ်မိုး လယ်လုပ်ဖို့ပြင်ဆင်နေပြီလား။

လယ်သမား ။ လယ်ထဲကို ဓာတ်မြေဩဇာအိတ်တွေ ကြိုသယ်ပြီးတော့ ဆင်းထားထားပြီးပြီ။ မိုးရွာလာရင် ထမ်းပြီး ဆင်းထားနေရမှာစိုးလို့ မိုးမရွာခင်ကတည်းက ထင်းခွေတွေပါ (ထော်လာဂျီနဲ့) တင်ပြီး ဆင်းထားထားတယ်။

DW ။ လယ်လုပ်ဖို့ ဘာတွေအခက်အခဲရှိလဲ။

လယ်သမား ။ အဓိကကတော့ စက်သုံးဆီဈေးပေါ့။ ဆီဈေးကြီးလို့ ညီးနေကြတယ်။ တချို့ဆို လယ်မလုပ်ချင်တော့လို့ လိုက်ထိုးအပ်နေကြတယ် (တစ်နှစ်တာ သီးစားအငှားလုပ်တဲ့သူတွေထံကို လယ်အတင်းငှားနေကြတာကိုဆိုလို) ။ အဓိကကတော့ ကိုယ့်လယ်ကို ကိုယ်တိုင် မလုပ်နိုင်ဘဲနဲ့ လူငှားပြီး လုပ်နေတဲ့သူတွေပေါ့။

အခုခေတ်က လယ်ကိုလူငှားနဲ့ လုပ်မယ်ဆို ကိုယ့်အတွက် မကျန်ဘူးလေ။ ကိုယ်တိုင်လုပ်နိုင်မှပဲ ကိုယ့်လုပ်အားခကို စားရတာပဲ ရှိတာကိုး။ လူလည်း ငှားရသေးတယ်။ ဒီကြားထဲ စက်သုံးဆီဈေးကလည်း ကြီးသေးတယ်ဆိုရင် ဘယ်သူက လုပ်မှာလဲ။ ပစ်ထားလိုက်တာနဲ့ စာရင်တော့ လယ် (သီးစား) ငှားလိုက်ရင် နေရင်းထိုင်ရင်း လယ်ခထိုင်စားလို့ရသေးတယ်ဆိုပြီး တွက်ပြီးတော့ လုပ်နေကြတာ။

DW ။ လယ်ငှားလုပ်တဲ့သူတွေရောရှိကြလား။

လယ်သမား ။ သူ့ဟာနဲ့သူတော့ ရှိတယ်လို့ဆိုရမှာပေါ့။ တချို့ဆို နှစ်နေရာ သုံးနေရာအထိ (သီးစား လုပ်မယ်ဆိုပြီး) အာမခံထားကြတယ်လို့ ကြားရတယ်။ လယ်ပိုင်တဲ့သူတွေမှာတော့ နစ်နာတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ အရင်က လယ်တစ်ဧက (တစ်နှစ်စာ သီးစားငှားရမ်းခ) ထားပါတော့ စပါး (တင်း) ၅၀၊ ၄၀၊ စသည်ဖြင့် ရတဲ့နေရာမှာ ဒီနှစ်ကျတော့ (တင်း) ၃၀၊ ၃၅ တွေပဲ ရတော့တာလေ။

DW ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

လယ်သမား ။ ပြောစရာတော့ မရှိတော့ပါဘူး။ တိုင်းပြည်အခြေအနေ အရင်ကလိုပြန်ဖြစ်ပြီးတော့ ကုန်ဈေးနူန်းတွေ မြန်မြန်ပြန်ကျစေချင်တယ်။ အဲဒာမှလည်း လယ်သမားတွေ အဆင်ပြေမယ်။ အခုကကျတော့ လုပ်သာလုပ်နေရတယ် တိုင်းပြည်အခြေအနေ မကောင်းတော့ စိတ်မအေးရဘူးပေါ့ဗျာ။

DW ။ ကျေးဇူးတင်ပါတယ်။