BREAKING
April 17, 2025

ထားဝယ်တွင် သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်အချို့ပြန်ဖျက်

April 8, 2025

ပုံစာ - ဧပြီလ ၃ ရက်နေ့က ပြန်ဖျက်လိုက်သည့် ရွှေဝယ်သီရီအားကစားကွင်းအနီးရှိ သင်္ကြန် မဏ္ဍပ်အားတွေ့ရစဥ် ။ ဓာတ်ပုံ - Dawei Watch

ထားဝယ်တွင် ယခုနှစ်သင်္ကြန်ပွဲတော်အတွက် တည်ဆောက်ထားသည့် ဖျော်ဖြေရေးမဏ္ဍပ်အချို့ကို ပြန်ဖျက်လိုက်ပြီး တည်ဆောက်ဆဲအချို့ကိုလည်း ရပ်နားလိုက်ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ထားဝယ်မြို့ ၊မြို့တော်ခန်းမရှေ့တွင် မတ်လကုန်ပိုင်းက စတင်တည်ဆောက်နေသော တိုင်းအဆင့် သင်္ကြန်ဖျော်ဖြေရေး ဗဟိုမဏ္ဍပ်ကိုလည်း ဆက်လည်တည်ဆောက်ခြင်းမရှိဘဲ ရပ်လိုက်ပြီ ဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

“ဆက်လုပ်နေတာ မတွေ့ရတော့ဘူး ဆောက်လက်စ ဒီအတိုင်းထားထားတာ တွေ့ရတယ်။ မြို့တော်ခန်းမဝင်းထဲမှာ အဆိုအကတွေမရှိပဲ လုပ်မယ်ထင်တယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

ထို့အပြင် တိုင်းဒေသကြီးအစိုးရရုံးအနီးရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ရေကစားမဏ္ဍပ်နှင့် ဖျော် ဖြေရေးမဏ္ဍပ်ကိုလည်း ဆက်လည်တည်ဆောက်ခြင်းမရှိတော့ပဲ ရပ်နားထားသည်ကို တွေ့ရကြောင်း မြို့ခံတစ်ဦးကပြောသည်။

ယင်းအပြင် မတ်လ နောက်ဆုံးပတ်ကစဆောက်နေသည့် ထားဝယ်မြို့ပတ်လမ်း၊ ရွှေဝယ်သီရိရင်ပြင်၊ ကစားကွင်းအနီး၌ ဆောက်ထားသည့် ဌနဆိုင်ရာ ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုကိုလည်း ယခုအပတ်အတွင်း ပြန်ဖျက်လိုက်ကြောင်း ဝန်ထမ်းအမျိုးသမီးတစ်ဦးကပြောသည်။

“ဗဟိုမဏ္ဍပ်မှာတောင် ဖွင့်ပွဲလောက်ပဲလုပ်မှာလို့ သိရတယ်။ တီးမှုတ် ကခုန်တာမလုပ်ဖို့ ပြောထားတယ်”ဟု ယင်းဝန်ထမ်းအမျိုးသမီးကပြောသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ရှမ်းအရှေ့မြောက်တို့တွင် သေဆုံး၊ထိခိုက်ပျက်စီးမှု အလွန်များပြားခဲ့ပြီး လက်ရှိအချိန်အထိ ပြိုကျအဆောက်အအုံတွေထဲ ပိတ်မိနေသူများစွာရှိနေဆဲ ဖြစ်သည်။

ငလျင်ကြောင့် သေဆုံးသူ ၃၆၀၀ ဦးရှိပြီး ဒဏ်ရာရရှိသူ ငါးထောင်ကျော်ရှိကာ ပျောက်ဆုံးသူ ၁၆၀ ဦး ရှိကြောင်း စစ်ကောင်စီက ဧပြီလ ၇ ရက်တွင်ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ် ခံနေရသော်လည်း စစ်ကောင်စီက သင်္ကြန်ပွဲတော်ကျင်းပရန် ဆက်လက်လုပ်ဆောင်နေသဖြင့် ဝေဖန်မှုများပေါ်ပေါက်ခဲ့ပြီးနောက် ဧပြီလ ၃ ရက်နေ့ရောက်မှသာ ယခုနှစ်မြန်မာရိုးရာသင်္ကြန်ကို အပျော်အပါးသီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။