သတ္တုလုပ်ကွက်များ ချဲ့ထွင်လုပ်ကိုင်လာပြီးနောက် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ အုပ်စုရှိ ရပ်ကွက်အချို့တွင် ရေတွင်းများ ဖေဖော်ဝါရီလကတည်းက ရေခန်းခြောက်လာနေသည်ဟု ဒေသခံများထံမှသိရသည်။
နှစ်စဥ် မတ်လကုန်ခါနီးမှသာ ရေခန်းခြောက်လေ့ရှိသော်လည်း ယခုနှစ်တွင် တစ်လစော၍ ရေခန်းသွားခြင်းဖြစ်ပြီး ရေခန်းလေ့မရှိသည့် ရေတွင်းများပင် ရေခန်းနေသည်ဟု ၎င်းတို့ ကဆိုသည်။
ရေခန်းခြောက်နေသည့် ရေတွင်းအများစုမှာ လှည်းကုန်းရပ်ကွက်နှင့် မဂ္ဂင်ရပ်ကွက်များမှ ရေတွင်းများဖြစ်ကြသည်။
“ရေက တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ ရေတင်ဖို့ကို စောင့်ပြီးတင်နေရတယ်။ ရေတစ်ခါစုပ်လိုက်ရင် ခန်းသွားပြီး ရေပြန်ပြည့်ဖို့ စောင့်ပြီးမှ ထပ်စုပ်ရတယ်။ ရေချွေတာသုံးရတာပေါ့။ နှစ်ရက်မှ တစ်ခါ ရေတင်ရတော့တယ် “ ဟု လှည်းကုန်းရပ်ကွက်က အမျိုးသမီးတစ်ဦး ကပြောသည်။
အဆိုရပ်ကွက်နှစ်ခုတွင် ပြီးခဲ့သည့်နှစ် ဇွန်လခန့်ကစ၍ ဥယျာဥ်ခြံလုပ်ကွက်များကို ဝယ်ယူ၍ ခဲသတ္တုလုပ်ကွက် အသစ်များလုပ်ကိုင်နေသည်ဟု ယင်းရပ်ကွက်များတွင်နေထိုင်သူများကဆိုသည်။
ယင်းသတ္တုလုပ်ကွက်များကြောင့် ပိန္နဲတောချောင်းနှင့် ဆင်ကိုးရပ်ရေတံခွန်မှ စီးလာသည့်ချောင်းတို့ ပူးပေါင်း၍ စီးဆင်းနေသည့် ကျောက်လုံးကြီးချောင်း(ရေကြည်အိုင်) သည် လုံးဝပျက်စီးသွားပြီဖြစ်ကြောင်း ဒေသခံတို့ထံကသိရသည်။
ကျောက်လုံးကြီးချောင်း ပျက်စီးသွားသဖြင့် ချောင်းနံဘေးရှိ ဟင်းသီးဟင်းရွက်နှင့် ပန်းပင်စိုက်ခင်းများ ရေသွင်းရန် တူးဖော်ထားသည့် ရေတွင်းများလည်း ယခုနှစ်တွင် ရေစတင်ခမ်းခြောက်လာကြောင်း ဟင်းရွက်စိုက်တောင်သူ တစ်ဦးကပြောသည်။
“စိုက်ခင်းမှာတော့တော်ရုံ ရေမခန်းတတ်ဘူး။ အခုနှစ်မှစခန်းတာ။ ရေစောင့်ပြီးပြန်တင်နေရတယ်။ သုံးနာရီ ခြားမှ တစ်ခါစုပ်လို့ရတော့တယ်။ အရင်လို လိုသလောက်စုပ်မရတော့ဘူး” ဟု ၎င်းကဆိုသည်။
ထားဝယ်ခရိုင်တွင် မြေအောက်ရေနှင့်ပတ်သက်၍ သုတသေနနှင့် ရေအရင်းအမြစ်ရှာဖွေရေး ဆောက်ရွက်ခဲ့ဖူးသည့် မြေအောက်ရေပညာရှင် မောင်ကျေးရေ (ဦးမြင့်သိန်း)ထံ Dawei Watch က ဆက်သွယ်မေးမြန်းရာ မြေအောက်ရေနှင့် မြစ်ချောင်းရေ ဆက်စပ်မှုရှိကြောင်း ရှင်းပြသည်။
” ရေတွင်းက ချောင်းပြင်ထက်နက်တယ်။ ချောင်းပြင်က မြင့်တယ်။ အဲဒီအောက်ကို အနည်အလွှာတွေက ပိတ်ကုန်တော့ မြေအောက်ရေနဲ့ မြေပေါ်ရေ ဆက်နွယ်မှု မရှိတော့ဘူး။ နောက်တစ်ခါ ရပ်ကွက်ရဲ့ကုန်တွင်း အပေါ်ဘက်ပိုင်းမှာ မိုးရွာတဲ့အခါ အဲဒီဘက်က ကျတဲ့ရေ ၊ စိမ့်တဲ့ရေကလည်း နည်းတယ်။ ဘာလို့နည်းလဲဆိုတော့ ရေဖြူဘက်က အပေါ်မြေတွေကမာတယ်။ အဲဒါကြောင့် မြေပေါ်က မိုးရွာလို့ မြေကြီးအောက်ကို ရေစိမ့်ဝင်တဲ့ အချိန်ကာလ ကကြာတယ်။ စိမ့်ဝင်တဲ့ ပမာဏကနည်းတယ်။ တကယ်တမ်းက အဲဒီနားက ရေတွင်းတွေသည် အဲဒီချောင်းက ရေနဲ့ အပြန်အလှန် သဟဇာတဖြစ်နေရမှာ အခု သဟဇာတမဖြစ်တော့ မြေအောက်ရေ ရော ချောင်းရော အကျိုးယုတ်စေတယ် ” ဟု ၎င်းက သုံးသပ်ပြသည်။
ယင်းအပြင် သတ္တုလုပ်ငန်းများတွင် သတ္တုဆေးကြောရာမှ ထွက်လာသည့် အမှုန်အမွှားများကလည်း ချောင်း၏ သဲမျက်နှာပြင်အလွှာတွင် အနည်ထိုင်ရာမှ အလွှာအသစ်တစ်ခုဖြစ်လာပြီး ချောင်းတိမ်ကောမှု ဖြစ်ကာ ရေကြောင်း ပြောင်းလဲမှုများကို ဖြစ်စေသည်ဟု မောင်ကျေးရေ (ဦးမြင့်သိန်း) ကထောက်ပြသည်။
ကံပေါက်ဒေသသည် ခဲသတ္တုထွက်ရှိရာ ဒေသဖြစ်သဖြင့် အဝီစိရေတွင်း တူးဖော်ပါကလည်း ရေမသန့်ရှင်းသဖြင့် အပေါ်ယံရေလွှာကြောမှ ထွက်သည့် ရေတွင်း(တွင်းတိမ်တွင်း )များကိုသာ သုံးရေ၊သောက်ရေအတွက် အားထားရသဖြင့် နှစ်စဥ် ရေအခက်အခဲ ကြုံလေ့ရှိသည့် ဒေသလည်းဖြစ်သည်။
ယခုနှစ်နွေရာသီ တွင် ရပ်ကွက်အချို့ရှိ တွင်းတိမ်တွင်းများ ရေခန်းမြန်လာသဖြင့် ရေမခန်းသေးသည့် ရပ်ကွက်များမှ ရေတွင်းများရှိ ရေကိုစုပ်ယူ၍ ဆယ်ပီပါရေကားတစ်ကားလျှင် ကျပ်တစ်သောင်းခွဲမှ နှစ်သောင်းဝန်းကျင်အထိ ပေးဝယ်၍ သုံးရေ ၊ သောက်ရေ အခက်အခဲ ဖြေရှင်းနေကြရကြောင်း ဒေသခံများထံမှသိရသည်။