BREAKING
April 16, 2025

အင်းတော်နှင့် ဖလမ်းမြို့ကို တော်လှန်ရေးတပ်များသိမ်းယူ

April 8, 2025

ပုံစာ - အင်းတော်မြို့ တိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်များ။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့နှင့် ချင်းပြည်နယ် ဖလမ်းမြို့တို့ကို တော်လှန်ရေးတပ်များက သိမ်းယူလိုက်ကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် တပ်ဖွဲ့များဘက်က သတင်းမီဒီယာများတွင် အတည်ပြုထားသည်။

ဖလမ်းမြို့ကို ချင်းလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ချင်းညီနောင်အဖွဲ့ (CB) က ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၉ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စတင်တိုက်ခိုက်ပြီး ၅ လခန့်အကြာ ဧပြီလ ၇ရက်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ၂၆၈ကို သိမ်းယူကာ မြို့ကိုသိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က မီဒီယာအချို့သို့ အတည်ပြုထားသည်။

အင်းတော်မြို့တွင်လည်း စစ်ကောင်စီတပ်၏ အခိုင်အမာတည်ဆောက်ထားသည့် ဂျပန်လှိုဏ်ဂူ နှင့် ဘုရားကုန်းတို့ကို တိုက်ခိုက်သိမ်းယူကာ ဧပြီလ ၇ရက်တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်း အမြစ်များ၏ပြောဆိုချက်ကိုအခြေခံကာ ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

အင်းတော်မြို့ကို ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် ကချင်တပ် KIA၊ ကျောင်းသားတပ် ABSDF၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၈ လခန့်အကြာတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းမိသလို ဟောင်ဝစ်ဇာ လက်နက်ကြီးနှစ်လက်အပါအဝင် လက်နက်ခဲ့ယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

စစ်ကောင်စီဘက်က လေကြောင်းဖြင့် ခုခံခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်စလုံးက ထိခိုက်သေဆုံးမှု များခဲ့ကြောင်းလည်း ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူသည့် မြို့ ၉၅ မြို့ထက် မနည်းရှိလာပြီဖြစ်သည်။