BREAKING
April 16, 2025

ပုလောတွင် လူငယ်များကို KNU အဓမ္မစစ်မှုထမ်းခေါ်

April 8, 2025

ပုံစာ - KNDO နှင့် KNLA တပ်ဖွဲ့ဝင်များ (ပုံဟောင်းဖြစ်သည်) ဓာတ်ပုံ - KNU

မြိတ်ခရိုင်၊ ပုလောမြို့နယ်က ကျေးရွာ ၁၂ ရွာထက်မနည်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်ဖွဲ့က လူငယ်လူရွယ်များကို စစ်မှုထမ်းခေါ်ယူနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်သူအချို့က ပြောသည်။

KNU စိုးမိုးနယ်မြေများအတွင်းရှိ ကျေးရွာများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်လူရွယ်များကို ကရင်အမျိုးသား ကာကွယ်ရေးတပ်-KNDO တပ်ရင်း (၇) က တပ်သားသစ်ခေါ်ယူစုဆောင်းနေကြောင်း ၎င်းတို့က ဆိုသည်။

စစ်မှုထမ်းတပ်သားစုဆောင်းခံရသည့်ကျေးရွာများတွင် ထမင်းမစား၊ ဆယ်အိမ်စု၊ လက္ကူး၊ တပို၊ ကဒဲ၊ ကဗျာ၊ လက်ပံပြင်၊ ဒူးရင်းပင်ရှောင်၊ ဇာဒီဝင်း၊ မဒေါ၊ ရေလျမ်း၊ သာယာကုန်းစသည့် ကျေးရွာများပါဝင်ကြောင်း ၎င်းတိုထံမှ သိရသည်။

တစ်ရွာလျှင် စစ်မှုထမ်းတပ်သားသစ်ငါးဦးနှုန်းပေးရန် ဒေသခံများနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ပြောဆိုထားပြီး စစ်မှုထမ်းမည့်သူကို မဲနှိုက်ရွေးချယ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်သူအချို့က ပြောဆိုသည်။

“သူတို့မှာ သေနတ်ရှိတာဆိုတော့ ကျွန်မတို့က ဘာပြောလို့ရမလဲ။ စစ်ကောင်စီကို ကြောက်လို့ပါဆို သူတို့ကပါ စစ်ကောင်စီ လုပ်သလိုလုပ်နေတယ်” ဟု ထမင်းမစားကျေးရွာအုပ်စု နန်းပရုပ်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မိဘအချို့မှာ ၎င်းတို့၏ သားသမီးများကို စစ်မှုထမ်း မစေလွှတ်လိုသလို လူငယ်များမှာလည်း စစ်မှုထမ်းလိုသည့် ဆန္ဒမရှိသဖြင့် ရှောင်တိမ်းထွက်ပြေးနေရကြောင်း ပုလောမြို့နယ်မှ ဒေသခံအချို့က ဆိုသည်။

“မဲလိပ်နှိုက်ရွေးတော့ ကျွန်မတို့ရွာမှာ လေးယောက်ပေးလိုက်ရတယ်။ မိဘတွေကလည်း မထည့်ချင်ဘူး။ သားငယ် (လူငယ်) တွေကတော့ မလုပ်ချင်ကြဘူး။ တချို့ရွာက သားငယ်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်” ဟု ထမင်းမစား ကျေးရွာအုပ်စု ဆယ်အိမ်စုရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

စစ်မှုထမ်းတပ်သားသစ် အလှည့်ကျသူ ထွက်ပြေးတိမ်းရှောင်ပါက မိဘများကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်မှုထမ်းသူ ရောက်လာမှသာ မိဘများကိုပြန်လွှတ်ပေးမည်ဆိုကြောင်း အထက်ပါ နန်းပရုပ်ရွာသူက ဆိုသည်။

“(မတ်လနောက်ဆုံးပတ်) ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း ကျွန်မတို့ရွာမှာ ဝင်ဆွဲတာ၊ သူ့အမေ ငိုယိုတောင်းပန်လို့ သူ့သားကို ပြန်လွှတ်ပေးခဲ့တယ်၊ သူတို့မှာကလည်း သားအမိနှစ်ယောက်ပဲရှိတာ။ အဲဒီမိန်းမကြီးကလည်း သူ့သားကိုပဲ အားကိုးနေရတာ။ သူ့သားကပဲ လုပ်ကျွေးနေတာ။ စစ်မှုထမ်းဖို့လာဆွဲတော့ သူ့အမေက ငိုငိုယိုယိုနဲ့ မနည်း တောင်းပန် လိုက်တယ်၊ အဲဒီတော့်မှ ပြန်လွှတ်ပေးခဲ့တယ်” ဟု ၎င်းက ပြောသည်။

KNDO တပ်ရင်း (၇) က လူငယ်လူရွယ်များကို အတင်းအကျပ် စစ်မှုထမ်းတပ်သားသစ်အဖြစ် ခေါ်ယူစုဆောင်း သင်တန်း ပေးနေကြောင်း ပုလောအခြေစိုက် တော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်နေသူ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“မဲနှိုက်တော့ ကလေးတွေက မဲကျတာမှာ စစ်မှုမထမ်းချင်လို့ ပြေးတယ်ပေါ့။ ပြေးတဲ့အချိန်မှာ မိဘတွေကို ဖမ်းတယ်လို့ ပြောတယ်၊ ဖမ်းပြီးတော့ KNU တပ်မဟာ (၄) ရဲ့ တပ်ရင်း ၇ မှာ အမေတွေကိုချုပ်လိုက်တယ် သားတွေနဲ့ သွားလဲမှ အမေတွေကို ပြန်လွှတ်ပေးတယ်ဆိုတာမျိုးလည်း သတင်းရတယ်” ဟု ၎င်းက ပြောသည်။

စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရသူများထဲတွင် ၎င်းနှင့် ဆက်စပ်သည့် တပည့်များလည်းပါကြောင်း ၎င်းက ဆိုသည်။

PDF တပ်ရင်းတပ်ဖွဲ့များတွင် ခေါ်ယူနေသကဲ့သို့ အသက်အရွယ်အပိုင်းအခြားဖြင့် စစ်မှုထမ်းရန် စိတ်ပါဝင်စားသူများ သင်တန်းတက်ရောက်နိုင်ကြောင်း ကြေညာခေါ်ယူမှုမျိုးသာလျှင် ဖြစ်သင့်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတွင် ပါဝင်နေသူအချို့က မှတ်ချက်ပြုသည်။

“ကျွန်တော့်တပည့်တွေလည်း မလုပ်ချင်လို့ တောနက်ထဲ လျှောက်ပုန်းလျှောက်ပြေးနေကြရတယ်။ အဲဒီလို အတင်းအဓ္ဓမ စုဆောင်းခေါ်ယူတာက စစ်ကောင်စီနဲ့ စရိုက်တူသွားတာပေါ့နော်။ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ပဲမြင်တယ်” ဟု အထက်ပါတော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်သူ အမျိုးသားက ပြောသည်။

စစ်မှုထမ်းတပ်သားသစ်များ ခေါ်ယူစုဆောင်းနေသည့်ကိစ္စနှင့်ပတ်သက်ပြီး KNDO တပ်ရင်း (၇) တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်းကို Dawei Watch က စာဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်။

“စစ်မှုထမ်းခေါ်တာမဟုတ်ဘူး၊ အင်အားစုတာပဲ။ ငါရှင်းရှင်းပဲ ပြောမယ်။ မင်းအောင်လှိုင်ကို ခံတိုက်ဖို့။ ကျွန်ုပ်က အာဏာရှင် မဟုတ်ဘူးဗျ။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရမယ်။ မျိုးချစ်စိတ်ရှိရမယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကရင်လူမျိုးများကိုသာ အင်အားစုဆောင်းခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

စစ်မှုထမ်းခေါ်ယူမှု ကိစ္စနှင့်ပတ်သက်ပြီး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကိုလည်း Dawei Watch က ဧပြီလ ၄ ရက်ကတည်းက စာပေးပို့ မေးမြန်းထားပြီး ယနေ့ ဧပြီလ ၈ရက်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။