BREAKING
April 16, 2025

ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၁၀၀ အထိ ရှိလာ

April 8, 2025

စစ်ကိုင်းမြို့အနီး ဗဟိုပြုကာ လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည် ငလျင်နောက်ပိုင်း နောက်ဆက်တွဲ ငလျင်များ ဆက်လက်လှုပ်ခတ်နေရာ ယနေ့တွင် အကြိမ်ရေ ၁၀၀ အထိ ရှိလာပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

မတ်လ ၂၈ ရက်က ရစ်(ခ်)တာစကေး ၇ဒသမ၇ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ရှမ်းအရှေ့မြောက် စသည်တို့တွင် ထိခိုက်သေကြေပျက်စီးမှု အလွန်များပြားခဲ့ပြီး လက်ရှိအချိန်အထိ ပြိုကျအဆောက်အအုံများတွင် ပိတ်မိနေသူများစွာရှိနေဆဲဖြစ်သည်။

မတ်လ ၂၈ ရက် ငလျင်နောက်ပိုင်း နောက်ဆက်တွဲ ငလျင်များ နေ့စဉ်ရက်ဆက် လှုပ်ခတ်နေဆဲဖြစ်ပြီး ၁၂ ရက်မြောက်ဖြစ်သည့် ယနေ့ ဧပြီလ ၈ ရက် အထိ လှုပ်ခတ်နေဆဲဖြစ်သည်။

ယနေ့ နံနက် ၄နာရီကျော်တွင် ဝမ်းတွင်းမြို့ကို အရှေ့-အရှေ့တောင်ဘက် ၁၀မိုင်ခန့်အကွာကို ဗဟိုပြုကာ ရစ်(ခ်)တာစကေး ၃ဒသမ၇ အဆင့်ရှိငလျင် ထပ်မံလှုပ်ခတ်ကြောင်း မိုးဇလ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းငလျင်မှာ အကြိမ်ရေ ၁၀၀ မြောက် ဖြစ်သည်။

ငလျင်ကြောင့် သေဆုံးသူ ၃၆၀၀ ဦး၊ ဒဏ်ရာရသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးသူ ၁၆၀ ဦး ရှိကြောင်း စစ်ကောင်စီက ဧပြီလ ၇ရက်တွင် ထုတ်ပြန်ထားသည်။