တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်အချို့သည် ငှက်ဖျားရောဂါပြန်ဖြစ်လာနေ၍ ဆေးဝါးနှင့် စစ်ဆေးရေးကိရိယာ (Test kit) များ အရေးပေါ်လိုအပ်လာနေကြောင်း စစ်ဘေးရှောင် ကူညီရေးအဖွဲ့များထံမှ သိရသည်။
မိုးရာသီမရောက်ရှိသေးသော်လည်း မတ်လကုန်မှစ၍ တနင်္သာရီတိုင်းအတွင်း နေရာစိပ်စိပ် မိုးရွာနေသဖြင့် စစ်ဘေးရှောင်အချို့သည် ဝမ်းရောဂါနှင့်အတူ ငှက်ဖျားရောဂါပြန်ဖြစ်လာနေကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။
အထူးသဖြင့် ရက်ရှည်စစ်ဘေးရှောင်နေရသော ညောင်ပင်ကွင်းနှင့် သိန်ခွန်းကျေးရွာများရှိ စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါ ပြန်ဖြစ်လာနေကြောင်း အဖွဲ့ထံမှ သိရသည်။
သို့သော်လည်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံတွင် ငှက်ဖျားရောဂါစစ်ဆေးရေး ကိရိယာများနှင့် ဆေးဝါးများ လုံလုံလောက်လောက် စုစည်းထားနိုင်ခြင်းမရှိသေးသဖြင့် အခက်အခဲဖြစ်နေကြောင်း နွေဦးမေတ္တာ ကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ငှက်ဖျားဆိုတာက တစ်ယောက်တွေ့ပြီးရင် တစ်အိမ်လုံး ဖြစ်လာနိုင်တဲ့ကူးစက်ရောဂါဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့မှာ Test kit နဲ့ ဆေးဝါးတွေ လုံလုံလောက်လောက်မရှိသေးဘူး။ ဒါကြောင့် အကုန်လုံးကို လိုက်မစစ်ရသေးပဲ ဖြစ်နေတယ်။ ဖြစ်တာက စဖြစ်နေကြပြီပေါ့နော်။ ဘယ်လောက်အထိ ဖြစ်နေကြပြီလဲ ဆိုတာမျိုး ကျွန်မတို့ စစ်လို့ မရသေးဘူး” ဟု နွေဦးမေတ္တာအဖွဲ့က တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်းရှိ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက ပိုမို တင်းကျပ်လာသဖြင့် စစ်ဘေးရှောင်အဖွဲ့များအနေဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် အခြားပစ္စည်းများကို လုံလုံလောက်လောက် စုဆောင်းနိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။
လာမည့် မိုးရာသီအတွက်လည်း စစ်ဘေးရှောင်များ အမိုးအကာ လိုအပ်လျက်ရှိနေသေးပြီး အချို့စစ်ရှောင်မိသားစုဝင်များမှာ အမိုးအကာမရှိဘဲ နေနေရကြောင်း သိရသည်။
စစ်ရှောင်များမှာ တောတောင်အတွင်းနေထိုင်ကြရပြီး အမိုးအကာအလုံအလောက်မရှိသဖြင့် အဝတ်အစားနှင့် ရိက္ခာကဲ့သို့ ပစ္စည်းများကို အမိုးအကာအောက်ထားပြီး လူကအမိုးအကာအပြင်ဘက်တွင် နေရသူမျာကိုလည်း တွေ့မြင်ရကြောင်း စစ်ရှောင်အဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလက တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်းနီးပါးရှိကြောင်း တနင်္သာရီတိုင်းအတွင်း အဖြစ်အပျက်များကို လစဉ်အစီအရင်ခံ တင်ပြနေသော FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။