ထိုင်း-မြန်မာနယ်စပ် မဲဆောက်လေဆိပ်ကို စစ်ကောင်စီလေယာဉ် ဆင်းသက်မှုနှင့် ပတ်သက်၍ ထိုင်းအစိုးရအနေဖြင့် ပြည်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းသင့်ကြောင်း ထိုင်းအတိုက်အခံပါတီဖြစ်သော Move Forward ပါတီ ခေါင်းဆောင်ပီတာက တိုက်တွန်းလိုက်သည်။
ပြည်သူများက မဲဆောက်လေဆိပ်တွင် မည်သို့ဖြစ်ပျက်ခဲ့သည် ဆိုသောအခြေအနေကို အစိုးရက ရှင်းပြမည်ကိုစောင့်နေကြကြောင်း သူက ပြောသည်။
ထိုင်းအစိုးရက ပစ္စည်းနှင့်လက်နက်များ သယ်ယူခွင့် ပြုခဲ့ပါက စစ်ကောင်စီကို ကူညီပေးခြင်းသာဖြစ်ကြောင်း ၎င်းကထောက်ပြပြောဆိုသည်။
ထို့ကြောင့် ထိုင်းအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူများအား အသေးစိတ်ရှင်းလင်းပေးရမည်ဖြစ်ကြောင်း သူ၏ လူမှုစာမျက်နှာတွင် ဖော်ပြထားသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဖြစ်ကြောင်း အစိုးရဘက်က ပြောဆိုထားသော်လည်း အမှန်တကယ် ဟုတ်မဟုတ် အသေးစိတ် ဆန်းစစ်ရန် လိုအပ်ကြောင်း ဆိုထားသည်။
အကယ်၍ လူသားချင်းစာနာ ထောက်ထားမှုအနေဖြင့် ကူညီပေးမည်ဆိုလျှင်လည်း ဘက်လိုက်မှုမရှိဘဲ မျှတစွာ ကူညီပေးသင့်ကြောင်း ၎င်းကဆိုသည်။
မြဝတီမြို့က သင်္ဃန်းညီနောင်စခန်းကို KNU နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် ထွက်ပြေးလာသော စစ်အရာရှိများကို ပြန်ခေါ်နိုင်ရေး လေယာဉ်ဆင်းသက်ခွင့်ပြုရန် ထိုင်းအစိုးရထံသို့ စစ်ကောင်စီအဖွဲ့က တောင်းဆိုခဲ့ကြောင်း သတင်းများထွက်နေခဲ့သည်။
ယင်းနောက် ဧပြီလ ၇ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်တွင် မြန်မာစစ်ကောင်စီဘက်က လေယာဉ်သည် မဲဆောက်လေဆိပ်သို့ ဆင်းသက်ခဲ့ပြီးနောက် စစ်အရာရှိများ မပါဘဲ ပြန်ထွက်ခွာသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ပြန်ထွက်သွားသည့် လေယာဉ်ပေါ်တွင် အရပ်သားများနှင့်ပစ္စည်းများ ပါသွားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အသေးစိတ်ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။
Ref: Khaosod