မြိတ်မြို့နယ်တွင် ယခင်နှစ်များထက် ယခုနှစ်တွင် တစ်လပိုစောပြီး သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း ပါရမီ နာရေးကူညီမှုနှင့် ကျန်းမာရေးအထောက်အကူပြုအသင်း (မြိတ်) ထံမှ သိရသည်။
မြိတ်မြို့တွင် နှစ်တိုင်းဧပြီလ အစောပိုင်းကလတွင် သောက်သုံးရေ ပြတ်လပ်လေ့ ရှိသော်လည်း ယခုနှစ်တွင် မတ်လ အစောပိုင်းကစပြီး သောက်သုံးရေပြတ်လပ်ခြင်းဖြစ်ကြောင်း အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြိတ်မြို့ရှိ ရေပုန်းငြိမ်းချမ်းရေးရပ်၊ ကလွင်၊ ကျားပါးစပ်ရွာ၊ ငွေပုလဲ ရပ်ကွက်တို့တွင် သောက်သုံးရေခက်ခဲနေကြောင်း အထက်ပါ အသင်းထံမှ သိရသည်။
ထို့ကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ရပ်ကွက်များကို ပါရမီနာရေးကူညီမှုနှင့် ကျန်းမာရေး အထောက်အကူပြု အသင်း (မြိတ်) က နေ့စဉ် ရေပေးဝေနေရကြောင်း ယင်းအသင်းထံမှ သိရသည်။











“ဒီနှစ်က ပိုလည်းပူတယ်ဆိုတော့ ရေရှားတာစောတယ်ထင်တယ်။ ခါတိုင်းဆို လေးလပိုင်းလောက်မှပဲ (ရေ) ရှားတယ်။ ကဆုန်ညောင်ရေသွန်းပွဲပြီးတဲ့ အချိန်လောက်ထိပေါ့နော်။ ညောင်ရေသွန်းပွဲ ပြီးလို့ မိုးရွာတယ်ဆိုရင် မြိတ်မှာက ရေပြန်ရသွား တတ်တယ်။ ဒီနှစ်ကတော့ ဘယ်လအထိရှားမယ် မသိသေးဘူး” ဟု အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယခုနှစ်တွင် အယ်လ်နီညိုခေါ် ပူပြင်းခြောက်သွေ့ မိုးခေါင်ရေရှားသည့် အစွန်းရောက်ရာသီဥတုကြောင့် မြန်မာနိုင်ငံတွင် အပူချိန်များ မြင့်တက်နေသည်။
ရေရှားကာလရောက်တိုင်း မြိတ်မြို့၏ ရေလှည့်လည်ရောင်းချသည့် ဈေးနှုန်းများ မြင့်တက်လေ့ရှိပြီး ယခုနှစ်တွင်လည်း ဈေးတက်နေကြောင်း ဒေသခံများထံမှ သိရသည်။