BREAKING
March 9, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

March 8, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၂ ရက်မှ ၈ ရက်အထိ

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် ဘာတွေထူးခြားလဲ

ဓာတ်ပုံ – AP

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို အခုမတ်လအတွင်း သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ၁၀ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အဏုမြူစွမ်းအင်ကိစ္စအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ပြင်ပအာကာသ စူးစမ်းလေ့လာရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စတာတွေအတွက် လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အသေးစားအဏုမြူဓာတ်အားပေးစက်ရုံဆောက်ဖို့ သဘောတူခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောပါတယ်။ မြန်မာနိုင်ငံစီးပွားရေးအတွက် လိုအပ်မယ့် လျှပ်စစ်ကိုလုံလုံလောက်လောက်ပေးနိုင်မယ်လို့ဆိုပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့နှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၄၀ ရာခိုင်နှုန်းတိုးမြင့်ခဲ့ပြီး သန်းနှစ်ထောင်လောက်ရှိခဲ့တယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံကြားလုံခြုံရေးနယ်ပယ်မှာလည်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်နေတယ်လို့ ပူတင်က ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပူတင်ကို ဘုရား ဗျာဒိတ်တော်အရ ရုရှားဘုရင်ဖြစ်လာမယ့် ကြွက်မင်းအဖြစ် ခိုင်းနှိုင်း ချီးကျူးခဲ့ပါတယ်။ ယူကရိန်းအရေးမှာလည်း ရုရှားဘက်ကနေ အပြည့်အဝထောက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ဆင်လိမ္မာခြောက်ကောင်ကိုလည်း စစ်ခေါင်းဆောင်က ရုရှားကို လက်ဆောင်ပေးခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ပြီးနောက် ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် ဖြစ်ပါတယ်။ ဖမ်းဝရမ်းထုတ်ထားပေမယ့် ပြည်ပကို သွားလို့ရနေတာကို ပြသလိုတဲ့ သဘောလို့ ထောက်ပြမှုတွေလည်း ရှိပါ တယ်။ ထားဝယ်စီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဖို့ နှစ်နိုင်ငံ လက်မှတ်ထိုးထားတာကြောင့် စစ်ကောင်စီဟာ ရုရှားနဲ့ စီးပွားရေးဆက်ဆံမှုကို တိုးမြှင့်ဖို့ ကြိုးပမ်းနေတာလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနဲ့ မဟာမိတ်ဆက်ဆံရေးရှိတဲ့ ဘစ်လာရုဇ်နိုင်ငံကိုလည်း တစ်ဆက်တည်း သွားရောက်ခဲ့ပါသေးတယ်။

……………………………………..

ရွှေတူးဖော်မှု ကန့်ကွက်သူတွေကို ကိုးကန့်တပ်က ပစ်ခတ်လို့ ခြောက်ဦးသေဆုံး

ပုံစာ – ဒေသခံများ ပစ်ခတ်ခံရပြီးနောက် MNDAA ရုံးရှေ့ကို သွားရောက်ဆန္ဒပြတာပါ။ ဓာတ်ပုံ – Kachin News Group

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စုမှာ ကိုးကန့်တပ် MNDAA က ရွှေတူးဖော်နေတာကို သွားရောက်ကန့်ကွက်တဲ့ ဒေသခံတွေ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ခြောက်ဦး သေဆုံးခဲ့ပါတယ်။

ရွှေတူးဖော်တာတွေ ရပ်တန့်ဖို့ ဒေသခံတွေ အကြိမ်ကြိမ် ကန့်ကွက်ခဲ့ကြပြီး မတ်လ ၅ရက် မွန်းလွဲပိုင်းက သွားရောက် ကန့်ကွက်ရာမှာတော့ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ဒေသတွင်းနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ သေဆုံးသူ ခြောက်ဦးထဲမှာ KIA တပ်ဖွဲ့ဝင် နှစ်ဦးပါဝင်ပြီး ဒဏ်ရာရသူလည်း ခြောက်ဦးရှိတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ ဒေသခံတွေက MNDAA ရုံးရှေ့ကို သွားရောက်ဆန္ဒပြတာတွေလည်း လုပ်ဆောင်ခဲ့ပြီး အခု ဖြစ်စဉ်အတွက် တရားမျှတမှုရရှိဖို့ တောင်းဆိုနေကြတယ်လို့လည်း သတင်းတွေမှာဖော်ပြကြပါတယ်။ အခုကိစ္စနဲ့ ပတ်သက် လို့ ကိုးကန့်တပ်နဲ့ ကချင်တပ် KIA တို့ နှစ်ဖက် ညှိနှိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ KIA ဘက်က ပြောဆိုထားပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ မတ်လ ၇ရက်အထိ ကိုးကန့်တပ်ဘက်က တစ်စုံတစ်ရာ ပြောဆိုတာ မတွေ့ရသေးပါဘူး။

……………………………………..

တစ်ရက်တည်း ငလျင် ခြောက်ကြိမ်လှုပ်

ပုံစာ – မတ်လ ၅ရက်က လှုပ်ခတ်တဲ့ ငလျင်ကြောင့် မအူပင်မြို့မှာ သာသနိကအဆောက်အအုံတချို့ ပျက်စီးမှု။ ဓာတ်ပုံ – စိမ်းမြကန်သာဂေါပကအဖွဲ့

ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန်၊ ရှမ်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ မတ်လ ၅ ရက် တစ်ရက်တည်းမှာ ငလျင် ခြောက်ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မတ်လ ၅ရက် မနက် ၄နာရီခွဲကျော်မှာ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာ အင်အား ရစ်(ခ်)တာ စကေး ၅ဒသမ ၁အဆင့် အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်ပါတယ်။ အဲဒီနောက် ၅နာရီနဲ့ ၅နာရီခွဲဝန်းကျင်အထိ တစ်နာရီအတွင်းမှာ ရစ်(ခ်)တာ စကေး ၄ဒသမ၈၊ ၃ဒသမ၅၊ ၃ဒသမ ၁ အဆင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင် သုံးကြိမ် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ကြောင့် မအူပင်မြို့မှာ သာသနိကအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ငလျင်လှုပ်ခတ်မှုကို ညောင်တုန်းနဲ့ ရန်ကုန်မြို့တွေကလည်း သိသိသာသာခံစားခဲ့ရတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။ အဲဒီနောက် နေ့လယ်ပိုင်းမှာ စစ်ကိုင်း ဟုမ္မလင်းမြို့နယ်မှာ ရစ်(ခ်)တာ စကေး ၅ဒသမ၅ အဆင့်နဲ့ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်မှာ ရစ်(ခ်)တာ စကေး ၃ဒသမ ၅အဆင့်ရှိတဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့ပါသေးတယ်။

မတ်လ ၃ရက်လည်း ရန်ကုန်မှာ ရစ်(ခ်)တာ စကေး ၄ဒသမ၅အဆင့် အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့သလို မကွေးတိုင်း မင်းဘူးမြို့နယ်မှာလည်း မတ်လ ၁ရက်က ရစ်(ခ်)တာ စကေး ၃ဒသမ၈အဆင့် ငလျင် လှုပ်ခတ်ခဲ့ပါသေးတယ်။

ငလျင်တွေ ဆက်တက်လှုပ်ခတ်နေတဲ့အတွက် ငလျင်ကြီးတွေ ဆက်လက် လှုပ်ခတ်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။ စစ်ကောင်စီ မိုးဇလကတော့ ငလျင်မလှုပ်မီ၊ လှုပ်စဉ်၊ လှုပ်ပြီးချိန်တွေမှာ သတိပြုရမယ့် အချက်တွေကို ထုတ်ပြန်သတိပေးတာတွေ လုပ်ဆောင်နေပါတယ်။

……………………………………..

ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ ဗုံးကြဲခံရလို့ အရပ်သား ၁၀ကျော်သေဆုံး

မကွေးတိုင်း ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မြို့နယ်နှစ်ခုအစပ်က ရေနံမော်နဲ့ ကျေးရွာ ကိုးရွာခန့်ကို မတ်လ ၃ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူ တွေအပြင် ဒဏ်ရာရရှိသူလည်း ၁၅ဦးထက်မနည်းရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ အမျိုးသမီးတွေပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ရက်ကလည်း ပေါက်မြို့နယ် ဆုံကုန်းရွာက မင်္ဂလာဆောင် ဗုံးကြဲခံရတာကြောင့် လူ ၁၀ ကျော် သေဆုံးခဲ့ပါသေးတယ်။

မတ်လ ၄ရက်မှာတော့ မန္တလေးတိုင်း၊ တောင်သာမြို့နယ် နတ်စောင့်ရွာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သား ခြောက်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

ပေါက်မြို့နယ်မှာ ဖေဖော်ဝါရီလကနေ မတ်လ ၃ရက်အထိ စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီး၊ စက်တပ် လေထီးတွေနဲ့ တိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ ၂၅ဦးသေဆုံးပြီး ၄၄ ဦးဒဏ်ရာရတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက မတ်လ ၄ရက်မှာ ထုတ်ပြန်ထားပါတယ်။

အခုသီတင်းပတ်အတွင်း ပဲခူးတိုင်း၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ကရင်၊ ရှမ်း၊ ရခိုင်၊ ကရင်နီ (ကယား) စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

……………………………………..

အသည်းရောင်အသားဝါ (အေ) ရောဂါ ကူးစက်မှုများနေလို့ သတိပေးချက်ထုတ်

ပုံစာ – ရွှေပြည်သာမြို့နယ်မှာ မတ်လ ၅ရက်က အသည်းရောင်အသားဝါ (အေ) ရောဂါနဲ့ပတ်သက်လို့ အသိပညာပေးမှု။ ဓာတ်ပုံ – MOI

ရန်ကုန်မှာ အသည်းရောင်အသားဝါ (အေ) ကူးစက်ဖြစ်ပွားမှု မြင့်တက်လာပြီးနောက်မှာ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ရောဂါနဲ့ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်လာပါတယ်။

ရန်ကုန်မှာ အသည်းရောင်အသားဝါ (အေ) ဖြစ်ပွားမှုကို ကိုယ်တိုင်ကြုံရသူတွေက လူမှုကွန်ရက်မှာ တင်ခဲ့ကြသလို ပြည်တွင်းသတင်းဌာနတချို့ကလည်း သတင်းတွေ ဖော်ပြခဲ့ကြပါတယ်။ အဲဒီနောက် မတ်လ ၂ရက်မှာတော့ ဒီရောဂါနဲ့ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်လာတာပါ။

အသည်းရောင်အသားဝါ (အေ) ဟာ အလွယ်တကူ ကူးစက်တတ်ပြီး ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်တယ်၊ အသက်အရွယ် မရွေးဖြစ်ပွားပြီး ကလေးတွေမှာ ပိုမိုဖြစ်ပွားတတ်တယ်လို့ သတိပေးချက်မှာ ဖော်ပြပါတယ်။ ရောဂါကူးစက်သူတွေဟာ ဖျားနာတာ၊ မျက်သားဝါတာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ အစားအသောက်ပျက်တာ၊ မောပန်းနွမ်းနယ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။  ရောဂါပြင်းထန်ရင် အသည်းထိခိုက်ပြီး အသက်အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်ကနေထွက်တဲ့ အညစ်အကြေးတွေပါတဲ့ မသန့်ရှင်းတဲ့ အစားအသောက်ကို စားသောက်မိတာ၊ ရောဂါပိုးရှိတဲ့ လူနာကို အနီးကပ်ထိတွေ့ ပြုစုတာတွေကနေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့၊ အစားအစာကို အစိမ်းမစားဖို့၊ ယင်နားစာ မစားဖို့ တိုက်တွန်းထားပါတယ်။

……………………………………..