လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ယနေ့မွန်းလွဲပိုင်းမှစပြီး ထားဝယ်နှင့် လောင်းလုံးကြားရှိ ကမြောကင်းတံတား ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ခရီးသွားများကပြောသည်။
ယနေ့ မွန်းလွဲ ၁ နာရီကျော် မှစပြီး ကမြောကင်းတံတား တစ်ခြမ်းကို ပိတ်လိုက်သည့်အတွက် ရှင်မော်၊ လောင်းလုံး စသည့် ကမြောကင်းတံတား တောင်ဖက်ခြမ်းရှိကျေးရွာများတွင် နေထိုင်သူများ ဖြတ်သန်း၍ မရတော့ကြောင်း ၎င်းတို့ကပြောသည်။
“လောင်းလုံးဘက်တစ်ခြမ်းပဲ ပိတ်ထားတယ်။ ကမြောကင်း သောကြာပြင်ဘက်ကတော့ ခုထိတက်လို့ရနေသေးတယ်”ဟု ခရီးသွားဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် Dawei Watch သို့ပြောသည်။
လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ပိုင်းတွင် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။
“ပစ်သံကတော့ မွန်းလွဲ ၁ နာရီ လောက်မှာ ငြိမ်သွားပြီ၊ မြို့ထဲမှာတော့ လူတွေ တိတ်ဆိတ်နေတယ်”ဟု မြို့ခံကပြောသည်။
ထားဝယ်ခရိုင်ရှိ ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့ကို စစ်ကောင်စီတပ်မှ ယခုပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ထားခြင်းကြောင့် စစ်ကောင်စီတပ်မှ လောင်းလုံးမြို့နယ်ကိုလည်း ထပ်မံပြီးလေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာမည်ကို ဒေသခံများကြား စိုးရိမ်နေကြသည်။