BREAKING
March 9, 2025

တိုက်ပွဲကြောင့် လမ်းပိတ်နေသည့် မောတောင်မြို့တွင် ပြည်တွင်းဆန်ပြတ်လုနီးပြီး စျေးနှစ်ဆတက်

March 8, 2025

ထိုင်း-မြန်မာနယ်စပ်မြို့ မောတောင်သို့ သွားရာလမ်းတစ်လျှောက်တွင် တိုက်ပွဲများကာလရှည်ဖြစ်နေသည့်အတွက် လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်ကာ ပြည်တွင်းဆန် ပြတ်လပ်လုနီးပါးဖြစ်နေပြီး စျေးနှစ်ဆနီးပါးတက်နေကြောင်း မြို့ခံအချို့က ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် တနင်္သာရီ-မောတောင်လမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားရာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်မှစကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်။

ထို့ကြောင့် အဆိုပါလမ်းပိုင်း အသုံးပြုသွားလာခြင်းကို တော်လှန်ရေးတပ်များက ဇန်နဝါရီလ ၂၃ ရက်ကတည်းက ကန့်သတ် ပိတ်ပင်ထားသည်။

လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီးနောက် မောတောင်မြို့တွင် ပြည်တွင်းဆန် ပြတ်လပ်လုနီးပါးဖြစ်နေပြီး ထိုင်းနိုင်ငံမှ တင်သွင်းသည့် စျေးကြီးသည့် ဆန်ကိုသာ ဝယ်စားနေရကြောင်း အသက် ၄၁ နှစ်အရွယ် မြို့ခံအမျိုးသမီး တစ်ဦးက ဆိုသည်။

”လမ်းဖွင့်တုန်းက ကုန်ရောင်းကုန်ဝယ် အလုပ်လေးနဲ့ အဆင်ပြေပေမယ့် အခုလမ်းပိတ်ချိန်မှာတော့ တောခုတ် အပင်စိုက် အလုပ်လေးတွေ လိုက်လုပ်နေရတော့ ဆန်ငါးကီလို တစ်အိတ်ဝယ်ဖို့တောင် ခက်ခဲလာလို့ တစ်ကီလိုချင်းပဲ ဝယ်စား နေရတာ” ဟု ၎င်းက ပြောသည်။

မောတောင်မြို့သည် ထိုင်းနိုင်ငံ ပရာကျွတ်ခရီခံခရိုင်နှင့် ကပ်နေသော်လည်း ဈေးသက်သာသည့် ပြည်တွင်းဆန်ကိုသာ အဓိကထား စားသောက်ကြကြောင်း မြို့ခံအချို့က ပြောဆိုသည်။

လမ်းမပိတ်မီက ၄၈ ကီလိုဂရမ်ပါ ပြည်တွင်းဆန်တစ်အိတ်လျှင် ၆၅၀ ဘတ် (တစ်ကီလိုလျှင် ၁၃ဘတ်စွန်းစွန်း) ဝန်းကျင်ရှိပြီး ၄၀ကီလိုဂရမ်ပါ ထိုင်းဆန်တစ်အိတ်လျှင် ၁၁၀၀ ဘတ် (တစ်ကီလိုလျှင် ၂၇ ဘတ်စွန်းစွန်း) ဈေးပေါက်ခဲ့သည်။

လက်ရှိတွင် ပြည်တွင်းဆန်ပြတ်လပ်ပြီး ဝယ်ယူရခက်ခဲနေသည့်အတွက် ၄၈ကီလိုဂရမ်ပါ ပြည်တွင်းဆန် တစ်အိတ်လျှင် စျေးနှစ်ဆနီးပါးတက်ကာ ၁၁၅၀ ဘတ်ဝန်းကျင် ဈေးပေါက်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ထိုကြောင့် လက်ရှိအချိန်တွင် ပြည်တွင်းဆန်တစ်ကီလိုလျှင် ၂၄ ဘတ်ဝန်းကျင်ပေါက်ဈေးရှိနေပြီး ထိုင်းဆန်တစ်ကီလိုလျှင် ၂၇ ဘတ်ဝန်းကျင်ဖြင့် ရောင်းချနေသည်။ ပြည်တွင်းဆန်မှာ ထိုင်းဆန်နီးပါး စျေးတက်သွားခြင်းဖြစ်သည်။

”လမ်းတွေလည်း ပိတ်တော့ အလုပ်လည်းမရှိ ထမင်းမငတ်ရုံတမယ် ဖြစ်နေတယ်လေ။ စျေးက သိပ်မကွာပေမယ့် နည်းနည်းလေး ကွာတာအစ ကျွန်မတို့အတွက်စျေးကြီးသလို ဖြစ်နေတာပေါ့” ဟု မောတောင်မြို့နေ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ထိုင်းဆန်ကိုပင် အဓိကထားရောင်းချနေပြီး ဈေးအပြောင်းအလဲမရှိကြောင်း မောတောင်မြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။

တနင်္သာရီ-မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည်မှာ သုံးလ ဝန်းကျင်ရှိလာပြီဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။