ယနေ့ တိုက်ပွဲဖြစ်ပွားနေသည့် လောင်းလုံးမြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရန် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တစ်ခုက လှုံဆော်ရေးသားလျက်ရှိသည်။
ပြည်သူ့ကာကွယ်ရေးတပ်တို့က လောင်းလုံးမြို့ကို ယနေ့ မတ်လ ၈ ရက် နံနက်ပိုင်းမှစပြီး ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်ပစ်ခတ်သံများ ထွက်ပေါ်နေဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ထိုသို့ ဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် အမဲလိုက်မုဆိုးကြီး သတင်းအမှန် ချယ်နယ်က လောင်းလုံးမြို့ပေါ်ကို လေကြောင်းဖြင့် ဗုံးကြဲရန် လှုံဆော်ရေးသားဖြန့်ချိနေသည်။
လောင်းလုံးမြို့ အထက်တန်းကျောင်း ခပ်လှမ်းလှမ်းရှိ ဝတ်တက်ကျောင်းနေရာ၊ ညောင်ပင်ကြီးလမ်းဆုံနေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန် Google Maps တွင် တည်နေရာဖော်ပြပြီး လှုံဆော်ရေးသားနေခြင်းဖြစ်သည်။
ယင်းအပြင် လောင်းလုံးမြို့နှင့် ထိစပ်နေသည့် ဝေဒီ၊ စစ်ပြဲ၊ လေးသွန်းခံအပြင်၊ သပြေရှောင်ကျေးရွာများကိုလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန် လှုံဆော်ဖြန့်ဝေလျက်ရှိနေသည်။
စစ်ကောင်စီတပ်က လေကြောင်းဖြင့် အချိန်မရွေးတိုက်ခိုက်လာနိုင်သဖြင့် လောင်းလုံးမြို့အနီးအနားရှိ ဒေသခံများကို လေကြောင်းအန္တရာယ်သတိထားကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က သတိပေးပြောဆိုလျက်ရှိကြောင်း ဒေသခံတို့က ပြောသည်။
“လမ်းတွေပေါ်မှာ စုစုပြီး မနေကြဖို့ပေါ့နော်။ အချိန်မရွေးလေယာဉ်လာနိုင်တယ်ပေါ့။ အဲဒီလိုမျိုး သတိလိုက်ပေးနေတာတော့ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်သည် တိုင်းအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်ဆောင်လာနေပြီး မတ်လ ၇ ရက်က ထားဝယ်အရှေ့တောဒေသ အညာဖျားကျေးရွာအနီးကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ယနေ့ နံနက် ၉ နာရီအထိ မေးမြန်းချက်အရ နံနက်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်သံများ ဆူညံစွာထွက်ပေါ်နေသော်လည်း နံနက် ၉ နာရီနောက်ပိုင်းတွင်မူ နှစ်ဖက်ပစ်ခတ်သံများ မကြားရတော့ဘဲ လက်နက်ကြီးပစ်ခတ်သံများကိုသာ တစ်ခါတစ်ရံကြားနေရကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်က လောင်းလုံးမြို့အနောက်ဘက် ပင်လယ်ပြင်ရှိ စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို ထားဝယ်မြို့ပေါ်ကလည်း လောင်းလုံးမြို့နယ်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံတို့က ပြောသည်။
အဆိုပါလက်နက်ကြီးကျည်အချို့မှာ မင်းရပ်ကျေးရွာအနီးရှိ ဒေသခံနေအိမ်များအနီး ကျရောက်ပေါက်ကွဲနေနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။