BREAKING
March 9, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

March 8, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ

အမေရိကန် တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု မြောက်ကိုးရီးယား ရှုတ်ချ

အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့ နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုးရီးယားက ရှုတ်ချလိုက်ပြီး ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေတွေ ပိုဆိုးလာမယ်လို့ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကို မတ် ၁၀ ရက်မှာ စတင်တော့မှာပါ။

စစ်ရေးလေ့ကျင့်မှုကို ၁၀ ရက်ကြာ မတ် ၂၀ ရက်အထိ ပြုလုပ်သွားမယ်လို့ ဆိုးလ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောပါတယ်။

မတ် ၆ ရက်ကလည်း တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ခု အရပ်သားနယ်မြေထဲကို မှားယွင်းကာ မတော်တဆ ဗုံးကျဲမိလို့ လူ ၁၅ ယောက် ဒဏ်ရာရရှိထားပါသေးတယ်။

ဒီဖြစ်ရပ်အပြီးမှာ တောင်ကိုရီးယား ဆန္ဒပြသူတွေဟာ စစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Ref: AP

………………………………..

လပေါ်သို့ ပုဂ္ဂလိက လဆင်းယာဉ်တစ်စီး အောင်မြင်စွာ ဆင်းသက်

အမေရိကန် အာကာသလေ့လာရေးဌာန NASA ရဲ့ အခြား စမ်းသပ်မှုတွေကို လုပ်ဆောင်ပေးမယ့် ပုဂ္ဂလိက လဆင်းယာဥ်တစ်စီး မတ်လ ၂ ရက်နေ့က လပေါ်သို့ အောင်မြင်စွာ ဆင်းသက်လိုက်ပါတယ်။

အဆိုပါလဆင်းယာဉ်ကို တက္ကဆက်စ်ပြည်နယ် အခြေစိုက် Firefly Aerospace ကုမ္ပဏီရဲ့ Blue Ghost လို့ ခေါ်ကြတာပါ။

ကီလိုမီတာ ၃ သိန်း ၆ သောင်းအကွာက ယာဥ်ငယ်ကို အော်စတင်မြို့မှာရှိတဲ့ ထိန်းချုပ်ရေးစခန်းကနေ အလိုအလျောက် ဆင်းသက်နိုင်အောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီယာဥ်ငယ်ကို ဇန်နဝါရီလလယ်က ဖလော်ရီဒါပြည်နယ်ကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး NASA အတွက် စမ်းသပ်မှု ဆယ်ခု လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

ပြင်သစ်က ယူကရိန်းကို ထောက်လှမ်းရေးအချက်အလက် မျှဝေမယ်

ပြင်သစ်အနေနဲ့ ယူကရိန်းကိုထောက်လှမ်းရေးအချက်အလက်တွေ ပေးသွားမယ်လို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး Sebastine Lecornu က မတ်လ ၆ ရက်နေ့က ပြောလိုက်ပါတယ်။

အမေရိကန်က ယူကရိန်းကို ထောက်လှမ်းရေးသတင်းအချက်အလက်တွေ မျှဝေမှု ရပ်ဆိုင်းတယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ပြင်သစ်က ပြောကြားလိုက်တာပါ။

ရုရှားရဲ့ကျူးကျော်မှုကို ခုခံနေတဲ့ယူကရိန်းကို အကူအညီတွေပိုပေးဖို့နဲ့ ဥရောပကာကွယ်ရေး အသုံး စရိတ်မြှင့်တင်ဖို့ အတွက် ဥရောပထိပ်သီး ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဆွေးနွေးမှု မစခင် ပြင်သစ်နိုင်ငံက ခုလို ကြေညာခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ဒေါ်နယ်ထရမ့် အာဏာရလာပြီးနောက် ယူကရိန်းစစ်ပွဲအပေါ် ထောက်ပံ့မှုတွေ ရပ်ဆိုင်းနေတာကို စိုးရိမ်နေကြချိန် ဥရောပဘက်က စစ်ရေးမြှင့်တင်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Ref: AP

………………………………..

ဥရောပကို လက်နက်ပြန်တပ်ဆင်သွားမယ်

ဥရောပကို ပြန်လည်လက်နက်တပ်ဆင်မယ့် အစီအစဉ်ကို ဥရောပသမဂ္ဂ ၂၆ နိုင်ငံက မတ်လ ၆ ရက်နေ့ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ အတည်ပြုလိုက်ပါတယ်။

ReArm Europe Project လို့ခေါ်မယ့် လက်နက်ပြန်တပ်ဆင်ရေးအတွက် ယူရို ၈၀၀ ဘီလီယံကျော်သုံးစွဲဖို့ ကနဦး အတည်ပြုထားတာပါ။

လက်နက်တွေကိုလည်း အမြန်ဆုံးထုတ်လုပ်သွားမှာဖြစ်ပြီး လက်နက်အကုန်လုံးကို ဥရောပမှာပဲ ထုတ်သွားမယ်လို့ ဆိုပါတယ်။

ဥရောပခေါင်းဆောင်တွေကတော့ လက်နက်တပ်ဆင်ရေးအတွက် NATO အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Ref: The Guardian

………………………………..

အမေရိကန်နဲ့ ဘယ်လိုစစ်ပွဲမဆို ရင်ဆိုင်ရန် အသင့်လို့ တရုတ်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အခွန်တွေ တိုးမြှင့် သတ်မှတ်လိုက်ချိန်မှာ တရုတ်ဘက်ကလည်း ကုန်သွယ်စစ်ပဲဖြစ်ဖြစ် အခြား ဘယ်လိုစစ်ဖြစ်ဖြစ် တိုက်ဖို့ အသင့်ရှိတယ်လို့ တုံ့ပြန်လိုက်ပါတယ်။

အမေရိကန်ဘက်က တရုတ်ကုန်စည်တွေ အားလုံးအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာလိုက်တာပါ။

ဒါကို တရုတ်ကလည်း အမေရိကန် လယ်ယာထွက်ကုန်တွေအပေါ် အခွန် ၁၀ ကနေ ၁၅ ရာခိုင်နှုန်း တိုးမြင့်သတ်မှတ်ခဲ့ပါတယ်။

နောက်ပိုင်း အမေရိကန်တွေ လိုချင်တာက စစ်ပွဲဆိုရင် အခွန်စစ်ပွဲဖြစ်ဖြစ် ကုန်သွယ်ရေး စစ်ပွဲဖြစ်ဖြစ် ဘယ်လိုစစ်ပွဲမျိုးပဲဖြစ်ဖြစ် အဆုံးထိတိုက်ဖို့ အသင့်ရှိတယ်လို့ အမေရိကန်မှာရှိတဲ့ တရုတ်သံရုံးက မတ်လ ၄ ရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။

Ref: BBC

………………………………..

ပါကစ္စတန်မှာ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မတ် ၄ ရက်က အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ လုံခြုံရေးစခန်းတစ်ခု ထိခိုက်ပျက်စီးသွားပြီး အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် လူ ၃၀ ဦးအထိ ဒဏ်ရာရရှိခဲ့တာပါ။

ထိခိုက်သေဆုံးသူတွေထဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တစ်ဦးမှ မပါပဲ ကလေးတွေ အများဆုံးပါဝင်ပြီး အရပ်သားတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဟာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ယာဉ်ကြောင့် ဖြစ်ပြီး နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ချက်ချင်း မသိရသေးဘူးလို့ ဆိုပါတယ်။

Ref: Aljazeera

………………………………..

အမေရိကမှာ အော်စကာ ရုပ်ရှင်ဆုပေးပွဲ ကျင်းပ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့အိမ်ဂျလိန်မြို့မှာ မတ်လ ၂ ရက်နေ့က ၉၇ ကြိမ်မြောက် အော်စကာ ရုပ်ရှင်ဆုပေးပွဲ ကျင်းပခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို “The Brutalist” ရုပ်ရှင်ဇာတ်ကားနဲ့ Adrien Brody က ရရှိပြီး အော်စကာဆု နှစ်ဆုရှင်ဖြစ်လာပါတယ်။

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Mikey Madison က “Anora” ဇာတ်ကားနဲ့ ရရှိတာခဲ့တာပါ။

“Anora” ရုပ်ရှင်က အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံးတည်းဖြတ်ဆု စတဲ့ ဆုငါးဆုအထိ ဆွတ်ခူးခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို “A Real Pain” ဇာတ်ကားနဲ့ Kieran Culkin ကရပြီး အကောင်း ဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုတော့ “Emilia Perez”ဇာတ်ကားနဲ့ Zoe Saldana က ရရှိခဲ့ပါတယ်။

Ref: REUTERS

………………………………..

ဟင်းသီးဟင်းရွက် သံစုံတီးဝိုင်း ကမ္ဘာ့ဂရင်းနစ် စံချိန်တင်

 Vegetable Orchestra သံစုံတီးဝိုင်းဟာ ဟင်းသီးဟင်းရွက် သစ်သီးတူရိယာတွေကို အသုံးပြုပြီး ဖျော်ဖြေပွဲအများဆုံးလုပ်နိုင်တဲ့ တီးဝိုင်းအဖြစ် ဂရင်းနစ်စံချိန် တင်နိုင်ခဲ့ပါတယ်။

သူတို့အဖွဲ့က ၂၇ နှစ်အတွင်း ဂီတဖျော်ဖြေပွဲ ၃၄၄ ပွဲ ဖျော်ဖြေနိုင်ခဲ့တာပါ။

ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို တူရိယာအဖြစ် ဖန်တီး တီးမှုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၉၈ ခုနှစ်က သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ Vegetable Orchestra သံစုံတီးဝိုင်းကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

တူရိယာတွေထဲမှာ မုန်လာဥကို အသံဖမ်းစက်လို ထွင်းထုထားတာ၊ ကြက်သွန်ကို မယ်ဒလင်အဖြစ် ဖန်တီးထားတာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ တူရိယာတွေဟာ ၆ နာရီလောက်ပဲ ခံတာကြောင့် ဖျော်ဖြေပွဲတစ်ခုလုပ်တိုင်း တူရိယာအသစ်တွေ ပြန်လည်ဖန်တီးရလေ့ ရှိပါတယ်။

တူရိယာလုပ်ရာမှာ အသုံးမပြုတော့တဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ ဟင်းချိုချက်ပြုတ်ပြီး ပွဲကြည့်ပရိသတ်တွေကို တည်ခင်းဧည့်ခံလေ့ရှိတယ်လို့ ဆိုပါတယ်။

Ref: guinness world record

………………………………..